
ကုမ္ပဏီအချို့က တောင်သူတွေကို ငွေချေးပေးမယ်ဆိုပြီး ကော်မရှင်ခ ကနဦး ကောက်ခံငွေ တောင်းနေတာတွေ မယုံကြဖို့ အစိုးရက အသိပေးကြေညာပါတယ်။
တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ မြို့နယ်တွေမှာ လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ ၇ မိတ္တူကို အာမခံယူပြီး လယ်တဧက ငွေကျပ် ၅ သိန်း ၁၀ သိန်း ထုတ်ချေးမယ်ဆိုကာ ကုမ္ပဏီအချို့က စည်းရုံးတယ်။ ငွေချေးဖို့ လျှောက်ထားတဲ့ တောင်သူကို တဦးလျင် ငွေကျပ် ငါးထောင်း ခုနှစ်ထောင် တသောင်း စသဖြင့် ကော်မရှင်ခ ကနဦးကောက်ခံငွေ တောင်းယူနေတယ်။ လုပ်ငန်းလိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်းလုပ်ကိုင်နေတာတွေကို သက်ဆိုင်ရာက တည်ဆဲဥပဒေနဲ့အညီ စိစစ်အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်။
တောင်သူလယ်သမားများအနေနဲ့ အလိမ်မခံရအောင် ဂရုစိုက်ကြဖို့နဲ့ ဒေသတွင်းမှာ ငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့်မရှိတဲ့ ကုမ္ပဏီတွေဝင်လာပြီး လာစည်းရုံးရင် သက်ဆိုင်ရာကို အကြောင်းကြားကြဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။
ကနဦးထဲ့ဝင်ကြေးတွေ ပေးထားမိရင်လည်း အဲဒီကုမ္ပဏီတွေကနေ အမြန်ဆုံး ပြန်လည်တောင်းယူကြဖို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ဓနုဖြူမြို့နယ် လယ်သမား ဘ၀ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က လယ်သမားတွေက ငွေလိုတော့ ငွေ ၅ ထောင် ၁ သောင်းလောက်ရင်းပြီး ချေးငွေများရမလားဆိုပြီး မှောင်ထဲခဲပစ်သလို ပေးကြတယ်လို့ ပြောပါတယ်။
“လယ်သမားက ငွေလိုတော့ ကုမ္ပဏီတွေချေးပေးမယ်ဆို အဆင်ပြေတယ်ဆိုပြီး ၅ ထောင် ၁ သောင်းရင်းကြည့်ကြတာ၊ လိမ်လည်းလိမ်ပေါ့၊ မလိမ်ရင်လည်း ၅ သိန်း ၁၀ သိန်း ချေးရ မနည်းဘူးဆိုပြီး မှောင်ထဲခဲပစ် လုပ်ကြတာ။”
ဧရာဝတီတိုင်းထဲက မြောင်းမြ၊ ညောင်တုန်း၊ မအူပင်၊ ကျောင်းကုန်း စတဲ့ မြို့နယ်အတော်များများက လယ်သမား ၁ သိန်းလောက် အလားတူ ၅ ထောင် ၁ သောင်းမျိုး အလိမ်ခံကြရတယ်။
ဓနတိုးဝင်းအောင်၊ လင်းမိုး၊ မြန်မာ့ဘက်စုံဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မြန်မာ့ဘက်စုံဖွံ့ဖြိုးရေး သမ၀ါယမ စတဲ့ နာမည်ခံကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဦးသိန်းအောင်က ပြောပါတယ်။
အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေအနေနဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ယူပြီး အသေးစားငွေကြေး ကြီးကြပ်မှုကော်မတီက ခွင့်ပြုတဲ့ လုပ်ငန်းကိုသာ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။










