DVB Logo
Home
Lead Story
စမ်းသပ်မကြည့်လိုက်ပါနဲ့ဗျာ
DVB
·
June 16, 2018
စမ်းသပ်မကြည့်လိုက်ပါနဲ့ဗျာ
Donate to DVB

မူးယစ်ဆေးဝါး ဆိုတဲ့ ရေစီးထဲမှာ ဘဝတွေ မျောပါနေကြတာ ဒုနဲ့ဒေး။ အဲဒီအထဲမှာ လူငယ်တွေတင် မဟုတ်။ လူကြီး လူငယ် အမျိုးသား အမျိုးသမီးပါမကျန် အရွယ်စုံ။

မူးယစ်ဆေးဝါး ဆိုတာဟာ သုံးတတ်ရင် ဆေး ဆိုပေမယ့် လူကို စွဲလမ်းစေတဲ့ ဓာတ်တွေ ပါဝင်တာကြောင့် တခါ သုံးလိုက်တာနဲ့ မူးယစ်ဆေးဝါးကို စွဲလမ်းသွားစေနိုင်အောင် စွမ်းဆောင်တယ်။ အဲဒီအတွက် လုံးဝ မစမ်းသပ်ဖို့ကိုလည်း ဆေးဖြတ်စခန်းတခုမှာ ဆေးဖြတ်နေတဲ့ အသက် ၅၀ ခန့်အရွယ်ရှိတဲ့ ဦးမင်းဦး(အမည်လွှဲ) က ပြောပါတယ်။

ဦးမင်းဦးဟာ မူးယစ်ဆေးဝါးကို သုံးစွဲခဲ့တာ လေးနှစ်ကျော်ရှိလာခဲ့သူ တဦးဖြစ်ပြီး ကလေးမြို့ ကံကြီးရွာ ယာယီဆေးဖြတ်စခန်းမှာ ဆေးလာဖြတ်ခဲ့ဖူးသူ တယောက် ဖြစ်ပါတယ်။

“လူငယ်တွေအနေနဲ့ စမ်းသပ်တယ်။ စူးစမ်းတယ်ဆိုတဲ့နေရာမှာ ကောင်းတာ နိုင်ငံအတွက် အကျိုးရှိတာတွေကိုပဲ စမ်းသပ်တာ စူးစမ်းတာ ကိုယ့်အတွက်ရော နိုင်ငံအတွက်ပါ အကျိုးကျေးဇူးပိုရှိပါတယ်။ မူးယစ်ဆေးဝါးကို လူငယ်သဘာဝ စမ်းသပ်ပြီး သုံးတာဟာ လုံးဝမကောင်းဘူး။ ဒါကို လူငယ်တွေ သိဖို့ လိုအပ်တယ်” လို့ ကလေးမြို့ မူးယစ်တပ်ဖွဲ့စု ၅ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးတင်စိုးက ဆိုပါတယ်။

ကလေးဒေသဟာ တကယ်တော့ ချင်းပြည်နယ် နယ်စပ်ဖြစ်သလို အိန္ဒိယနိုင်ငံကြီးနဲ့လည်း နီးစပ်နေတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ နာမည်ကြီးခဲ့တဲ့ မြို့တမြို့ ဖြစ်ပြီး ဒီနာမည်ဆိုးကြီးကို လက်ရှိမှာ အားလုံးပူးပေါင်းပြီး လုပ်ဆောင်ကြဖို့ အထူးလိုအပ်နေတာကတော့ အမှန်တရားပဲ ဖြစ်ပါတယ်။

“ကျမက ရေနံကယ်ရီထမ်းတာ ဆိုတော့ ညောင်းကိုက်နေတာနဲ့ အပေါင်းအသင်း တချို့က ဒါလုပ်ကြည့် အညောင်းပြေတယ်ဆိုလို့ သုံးကြည့်တာ။ အမည်း သုံးတာပါ။ နောက်ကျတော့ ဒါပဲ လုပ်ချင်နေတယ်။ အိမ်မှာလဲ ကလေးတွေနဲ့ သူတို့အတွက်ရှာတဲ့ စရိတ်က ဒီအထဲပဲ ပါနေတော့တာ။ ဒါကြောင့် ကျမတို့ ဆေးဖြတ်မယ်လို့ ဆုံးဖြတ်ပြီး ဒီစခန်းကို ရောက်လာတာ။ ဆေးဖြတ်ရင် အရင်က အဖမ်းခံရမယ်ထင်တာ။ အခုတော့ မဖမ်းပါဘူး။ အခု ဆေးဖြတ်တော့ ကိုယ်လက်တွေ နာနေတယ်” လို့ ကလေးမြို့နယ် ဒိုးနွယ်ရွာ ယာယီဆေးဖြတ်စခန်းမှာ ဆေးလာဖြတ်တဲ့ ဒေါ်ရီ(အမည်လွှဲ) က ပြောပါတယ်။

ကလေးဒေသဟာ ယခင်က ရေနံမှော် (ရေနံလက်ယက်ကျင်းများနှင့် တူးဖော်ရာ ဒေသ) တခုဖြစ်ပြီး အဲဒီနယ်မြေတွေကနေ ဘိန်းမည်းစားတဲ့ အလေ့ကနေ ရေနံမှော်တွေ ပျက်လာပြီး နောက်ပိုင်းမှာ ဒီမူးယစ်ဆေးဝါး ဘိန်းမဲဟာ အနီးအနားရွာတွေတင်မက တော်တော်များများမှာပါ ဈေးကွက်ဖြစ်ပေါ်လာခဲ့ရပြီး ကလေးဒေသဟာ သုံးစွဲသူ များပြားလာခဲ့တယ်လို့ သိရပါတယ်။

“ကလေးဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲမှုအနေနဲ့ တရာမှာ လေးဆယ့်ငါး ရာခိုင်နှုန်းလောက် ရှိနေတယ်လို့လည်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်ရဲ့ ဒါရိုက်တာဖြစ်သူ ကိုကျော်သက်ဝင်းက သုံးသပ်ပြောကြားပါတယ်။

ကလေးမြို့ ဒုတိယမြို့နယ်ဦးစီး ဥပဒေအရာရှိ ဦးနီကမ်းကလည်း သူ တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း ဆေးဝါးမှုဟာ အမှုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ဘိန်းမည်းကနေ စတင်လာတဲ့ ကလေးမြို့လေးဟာ ၂၀၁၆ နောက်ပိုင်း ဘိန်းဖြူအထိ သုံးစွဲသူတွေအကြား ရေပန်းစားလာခဲ့ပြီး ဆေးထိုးအပ် တန်းလန်းနှင့် သေဆုံးသူများပါ ရှိလာခဲ့တာကို တွေ့ရပါတယ်။

ကျနော်တို့ မူးယစ်ဆေးဝါးထဲ နစ်နေတဲ့ ကလေးမြို့ ဆိုတဲ့ ငြိမ်းချမ်းတဲ့ မြို့ကလေးကို ဘယ်လို ဆွဲထုတ်ကြမလဲ။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကလေးမြို့မှာ လူငယ်တင် မဟုတ်ပဲ အရွယ်စုံအပြင် အမျိုးသမီးများပါ သုံးစွဲမှုတွေ ရှိနေပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးပေမယ့်လည်း လက်ခွဲလေးတွေကိုပဲ ဖမ်းမိနေတာကြောင့် အမြစ်ဖြစ်တဲ့ အကြီးအမား ရောင်းဝယ်ဖောက်ကားသူတွေကိုလည်း ဖမ်းဆီးစေချင်တယ်။ ဖမ်းဆီးနိုင်ပြီ ဆိုတဲ့ သတင်းမျိုးကိုလည်း ပြည်သူတွေနဲ့အတူ သူမအနေနဲ့ ကြားချင်နေတဲ့ အကြောင်းကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ဆိုပါတယ်။

ကလေးမြို့အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျရေးအတွက် ရဲတပ်ဖွဲ့ကလည်း အခြေခံပညာကျောင်းတွေ တက္ကသိုလ်အဆင့်ကျောင်းတွေနဲ့ ရပ်ကွက်ရုံးတွေမှာ ပညာပေး ဟောပြောမှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဒါဟာ ထိရောက်တဲ့ ဖြေရှင်းချက်လား ဆိုတာကတော့ ဆုံးဖြတ်မရနိုင်သေးတဲ့ အရာပဲ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အရွယ်ရောက် လူငယ်တွေရဲ့ မိဘတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာတွေကို တွေ့ရပါတယ်။

“မူးယစ်ဆေးဝါးဆိုရင် အရမ်းကြောက်တယ်။ ဒါတွေကို ဘယ်သူတွေက ဘယ်လို သယ်ဆောင် ရောက်ရှိလာတယ်ဆိုတာ မသိပါဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ရင် ကျမ သားလေး ည ၁၀ နာရီကျော်လို့ ပြန်မလာရင် မူးယစ်ဆေးဝါးများ သုံးနေပြီလားလို့ အမြဲ တွေးပူးနေရတယ်” လို့ မခင်ရီ( အမည်လွှဲ) က ဆိုပါတယ်။

မူးယစ်ဆေးဝါးဟာ ကျနော်တို့ဒေသတင်မဟုတ်ဘဲ ကမ္ဘာ့နေရာ အတော်များများမှာ လူမှုအသိုက်အဝန်းကို ခြိမ်းခြောက်နေတဲ့ ဘုံရန်သူပဲ ဖြစ်ပါတယ်။ အဲဒီအထဲကမှာ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံးနုင်ငံအဖြစ်လည်း ကမ္ဘာက သတ်မှတ်ခြင်းကို ခံနေရပါတယ်။

ကျနော်တို့ ကလေးမြို့အနေနဲ့တော့ ၂၀၁၅ ခုနှစ် သဘာဝရေဘေးဆိုးကြီးအပြီးမှာ တောင်သူတွေအနေနဲ့ လယ်ယာတွေ လုပ်ကိုင်ရတာလည်း အဆင်မပြေ ဖြစ်လာတာကြောင့် တောင်သူဘဝတွေကို မူးယစ်နွံထဲ မရောက်စေရေး အခြားစီးပွားရေး တခုခုနဲ့ အစားထိုး အလုပ်အကိုင် ဖန်တီးပေးဖို့ လိုအပ်နေပြီး အသိပညာပေး ဟောပြောမှုတွေမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိရောက်တဲ့ ပညာပေးမှုတွေ လိုအပ်နေကြောင်း နောက်ပြီး ပြည်သူက ရဲတပ်ဖွဲ့ကို သတင်းပေးတဲ့အခါမှာ သတင်းပေးသူရဲ့ အချက်အလက်တွေကို လုံခြုံစွာ ထားပေးဖို့လည်း လိုအပ်နေတယ်လို့ ကလေးဒေသခံ သတင်းထောက်တဦးဖြစ်တဲ့ ကိုငြိမ်းသူမင်းက ဆိုပါတယ်။

မူးယစ်ဆေးဝါးကြောင့် သာမာန်ပြည်သူတွေသာမက ကျောင်းသူ ကျောင်းသားတွေကိုပါ အရေးယူခဲ့တဲ့အဖြစ်တွေ ကလေးမြို့မှာ ရှိနေခဲ့ပါတယ်။ မူးယစ်ဆေးဝါးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် အခြားခိုးမှုနဲ့အတူ လုယက်မှုတွေက အစ ကလေးမြို့မှာ ဖြစ်ပေါ်ခဲ့တယ်။

ရဲတပ်ဖွဲ့အနေနဲ့လည်း ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းလေးသောင်းကျော် ရှိနေတာကြောင့် လက်ရှိ ရဲတပ်ဖွဲ့အင်အားနဲ့ သတင်းအချက်အလက် ရမှုတွေ ဆောင်ရွက်တဲ့အခါ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။

ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေး ဖမ်းဆီးမှုတွေအနေနဲ့ ၂၀၁၇ ခုနှစ်က အမှုပေါင်း ၈၇၇ မှု ရှိခဲ့တဲ့အထဲက ယစ်မျိုးအမှု ၁၀၄ မှု ထိ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလပိုင်းအထိ အမှုပေါင်း ၂၇၄ မှုမှာ ယစ်မျိုး ၂၃ မှုထိ ရှိခဲ့ပြီလို့လည်း သိရပါတယ်။

မူးယစ်ဆေး ဘိန်းဖြူနဲ့ပတ်သက်ပြီး ကျနော်တို့ အဖြေရှာဖို့ ရဲနဲ့အတူ ပြည်သူတွေ ပူးပေါင်းပြီး ပတ်ဝန်းကျင်ကို စူးစမ်း သတင်းအချက်အလက် မျှဝေကြဖို့ အထူးလိုအပ်နေပြီး ပညာပေးမှု လုပ်ငန်းစဉ်တွေ အောင်မြင်လာဖို့လည်း အားလုံး ပူးပေါင်းနိုင်ဖို့ လိုအပ်နေပါပြီ။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးလည်း လူငယ်တွေတင်မက အရွယ်စုံတွေအနေနဲ့ ဘိန်းဖြူ စတဲ့ မူးယစ်ဆေးဟာ တခါ စမ်းသပ်မိတာနဲ့ လူကို စွဲလမ်းစေနိုင်တာကြောင့် လမ်းကြုံရင်တောင် “စမ်းသပ်မကြည့်လိုက်ပါနဲ့ဗျာ” လို့ ဒီဆောင်းပါးနဲ့ တိုက်တွန်းလိုက်ပါရစေ …. ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013