DVB Logo
Home
မြန်မာသတင်း
ကျောင်းထွက်နှုန်း များနေ၊ ကျောင်းနေမြဲရေး ၀ိုင်းဝန်းပူးပေါင်းကြရန် ၀န်ကြီး တိုက်တွန်း
DVB
·
June 16, 2018
ကျောင်းထွက်နှုန်း များနေ၊ ကျောင်းနေမြဲရေး ၀ိုင်းဝန်းပူးပေါင်းကြရန် ၀န်ကြီး တိုက်တွန်း
Donate to DVB

ကလေးတွေ ကျောင်းထွက်နှုန်း များနေသေးတာကြောင့် လက်တွေ့ကျတဲ့ ရှေ့လုပ်ငန်းစဉ်တွေချမှတ်ပြီး ကလေးတွေ ကျောင်းနေမြဲဖို့နဲ့ ကျောင်းကို ပြန်လည်ရောက်ရှိရေးအတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော်က တိုက်တွန်းပါတယ်။

ဇွန် ၁၅ ရက် မနက် ၉ နာရီက ဘားအံမြို့၊ Gabana ဟိုတယ်မှာ ၂ ရက်ကြာပြုလုပ်မယ့် ကျောင်းပြင်ပရောက် ကလေးများအခြေအနေကို လေ့လာအကဲဖြတ်တဲ့ သုတေသနလုပ်ငန်း ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော် က “လက်ရှိအချိန်မှာ ကျောင်းထွက်နှုန်းများနေသေးတာကြောင့် ကျောင်းထွက်မှု လျော့နည်းစေရေးအတွက် အရင်နှင့်မတူတဲ့ နည်းလမ်းသစ်တွေကို ရှာရမယ်။ လိုအပ်ရင် ဒေသနဲ့ ကိုက်ညီတဲ့ မူဝါဒ အသစ်တွေ ရေးဆွဲကောင်း ရေးဆွဲရပါမယ်။ အပြန်အလှန်လေးစားတန်ဖိုးထားမှုနဲ့ အားလုံးရဲ့ ကောင်းမြတ်တဲ့ စေတနာနဲ့ စိတ်ဓာတ်ခွန်းအားတွေဟာ အဓိကကျလှပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲမှာ လက်တွေ့ကျတဲ့ ရှေ့လုပ်ငန်းစဉ်တွေချမှတ်ပြီး ကလေးများကျောင်းနေမြဲပြီး ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့” တိုက်တွန်း ပြောကြားပါတယ်။

ကျောင်းပြင်ပရောက် ကလေးတွေရဲ့အခြေအနေ ကနဦးဆန်းစစ်လေ့လာခြင်းလုပ်ငန်း၊ နိုင်ငံတော်အကြံပေး၊ ဒေါက်တာ ခင်မျိုးမြင့်ကြူက “တကယ် လက်တွေ့ကျတော့ အကောင်အထည်ဖော်မှု အားနည်းသေးတယ်။ နောက်တစ်ခါ ပထ၀ီအနေအထား ခြားနားချက်ကြောင့်လည်း ကျေးလက်မှာဆိုလို့ရှိရင် သိပ်ဝေးတဲ့ ဒေသတို့ ပဋိပက္ခဖြစ်နေတဲ့ မငြိမ်းချမ်းတဲ့ ဒေသလိုနေရာတွေဆိုလို့ရှိရင် ကလေးတွေ ကျောင်းတက်ဖို့ အဟန့်အတားဖြစ်တယ်။ နောက်တစ်ချက်ကျတော့ ပညာရေး အရည်အသွေးညံ့လို့၊ အရည်အသွေးရှိတဲ့ ပညာရေးကို အကောင်အထည်ဖော်ဖို့အတွက် အရည်အသွေးရှိတဲ့ ဆရာ လိုအပ်နေသေးတယ်”လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို ရှေ့ဆက်လှမ်းရမယ့် ပညာရေးစနစ်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းရောက်ရှိဖို့၊ လူတိုင်း ကလေးတိုင်း ပညာသင်ယူမှု အခွင့်အရေးရရှိဖို့၊ ပညာရေး နှစ် ၃၀ စီမံကိန်းအရ မူကြိုအရွယ်၊ မူလတန်းအရွယ်၊ အလယ်တန်းအရွယ်တွေမှာ ကျောင်းပြင်ပရောက်ရှိမှု၊ ရောက်ရှိရတဲ့ အကြောင်းအရင်း စစ်တမ်းတွေ၊ သုတေသနတွေ ရရှိထားချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုမျှဝေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ။

ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမတက်ရခြင်းမှာ မိသားစုစောင့်ရှောက်ဖို့၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေအတွက် ကျောင်းမနေရပဲ LFS အရ ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ IHLCAS အရ ၂၇ ဒသမ ၁ ရာခိုင်နှုန်း အလုပ်လုပ်နေရတယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013