DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၄၀၀၀ ခန့် ဘေးလွှတ်ရာ ရွှေ့ပြောင်း
DVB
·
June 16, 2018
ရခိုင်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၄၀၀၀ ခန့် ဘေးလွှတ်ရာ ရွှေ့ပြောင်း
Donate to DVB

ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ် ၃ မြို့နယ်မှာ ဇွန် ၁၅ ရက်နေ့အထိ လူဦးရေ ၄၀၀၀ နီးပါ ဘေးလွှတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။

ရေကြီးမှုကြောင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်း၊ မြေမြှင့်ပိုင်း တောင်ကုန်းပေါ်တွေမှာ လူဦးရေ ၄၀၀၀ နီးပါး ဘေးလွှတ်ရာ တိမ်းရှောင်နေရတယ်လို့ ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီမှူး ဦးရဲမင်းဦးက ပြောပါတယ်။

“ရွာလုံးကျွတ် ပြောင်းရွှေ့တာလည်းရှိတယ်။ တချို့တဝက်ပြောင်းရတဲ့ ရွာတွေလည်းရှိတယ်။ တချို့ဆိုလို့ရှိရင် အထက စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတာတွေရှိတယ်။ ဘုန်းတော်ကြီးကျောင်းတွေရယ်၊ တောင်ကုန်းတွေမှာ ခိုလုံနေကြတာတွေရှိတယ်။ လူဦးရေအားလုံးအရကတော့ ၃၀၀၀ ကနေ ၄၀၀၀ လောက်ရှိတယ်။ မနေ့ညက စာရင်းအရဆိုရင် ၂၉၀၀ လောက်ရှိတယ်။ အဲဒီမှာ အိမ်ထောင်စု ၉၁၄ စုရှိတယ်” လို့ ပြောပါတယ်။

အခုလို အရေးပေါ်အခြေအနေမှာ အမြန်ဆုံးကူညီပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနကဦးစီးမှူး ရဲမင်းဦးက ပြောပါတယ်။

"ကျနော်တို့ကတော့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆန်ဆီဆား စတာတွေ ထောက်ပံ့ဖို့လုပ်နေပါတယ်။ သက်မှတ်နှုန်းထားတွေနဲ့ ပြည့်ပြည့်ဝဝ ထောက်ပံ့နိုင်အောင်တော့ အမြန်ဆုံး နေပြည်တော်က ညွှန်ကြားရေးမှူး ဒေါက်တာမြင့်သိန်း ကိုယ်တိုင် ဆင်းပြီးတော့ စီစဉ်ဆောင်ရွက်နေတာတွေရှိပါတယ်” လို့ ​ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်မှာ ရေ ၄ ပေကနေ ၅ ပေအထိ တက်နေတာပါ။ ဒါ့အပြင် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းနဲ့ ဖုံသာချောင်းတို့ဘက်မှာ ၅ ပေကနေ ၆ ပေအထိ ရေမြင့်တက်နေပြီး ကျေးရွာပေါင်း ၄၀ နီးပါး ရေကြီးမှုဒဏ် ခံစားနေရပါတယ်။

မင်းပြားမြို့နယ် ချင်းဆိပ်ကျော်ရွာက ဒေသခံတဦးက ”ဒီဘက်မှာက ရေကန်တွေရော နေအိမ်တွေရော အကုန်နစ်မြုပ်နေပြီ။ အခု​တောင်ကုန်းပေါ်မှာနေရတယ်။ ဘုန်းတော်ကြီးကျောင်း နစ်မြုပ်နေတာဆိုတော့ နောက်ထပ်မိုးတွေ ဆက်ရွာမယ်ဆိုရင် တော်တော်လေးကို စိုးရိမ်းရတဲ့အခြေအနေရှိတယ်။ လောလောဆယ်တော့ ဘာကယ်ဆယ်ရေးမှ မလာသေးဘူး” လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်တွေမှာ ဇွန် ၁၅ ရက်နေ့အထိ ပိတ်ထားရတဲ့ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ရှိနေပြီလို့ ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေးဖုန်းလိုင်းတချို့ ပြတ်တောက်နေမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ရှိနေတာကြောင့် အဆက်အသွယ်မရရှိသေးတဲ့ မြေပုံမြို့နယ် ဂွမြို့နယ်၊ အမ်းမြို့နယ်တို့မှာပိတ်ထားရတဲ့ ကျောင်းစာရင်းတွေကို ရဖို့ရှိဖို့ ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အခုလို မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရခိုင်ပြည်နယ်အတွင်းက စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကို တပတ်ကျော်ကြာ ပိတ်ထားခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးဌာနက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013