DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီ ၇၀ ကျော်နှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံမှု မကျေလည်ဘဲ ပြီးဆုံး
DVB
·
June 15, 2018
နိုင်ငံရေးပါတီ ၇၀ ကျော်နှင့် ရွေးကောက်ပွဲကော်မရှင် တွေ့ဆုံမှု မကျေလည်ဘဲ ပြီးဆုံး
Donate to DVB

နိုင်ငံရေးပါတီတွေရဲ့ တိုင်တန်းချက်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေကို  ဇွန် ၁၄ ရက်က နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံပွဲမှာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်မှုတွေနဲ့ ပြည်သူတွေအတွက် ရည်ရွယ်ချက်ထားပြီး ရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ပါတီတချို့ကလည်း ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုကို အားမရကြောင်းနဲ့ ထိထိရောက်ရောက် အရေးယူမှုမရှိတဲ့အပြင် ဆွေးနွေးပွဲကို အချိန်ကန့်သတ်တဲ့အတွက်လည်း မကျေလည်ဘဲ ပြန်လာခဲ့ကြရတာရှိပါတယ်။

NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “ကျနော်တို့ဘက်က မကျေလည်တဲ့ အပိုင်းတွေ တင်ပြပါတယ်။ ဥပမာ အန်အယ်လ်ဒီပါတီက ဒေါက်တာမေဝင်းမြင့်နဲ့ ပဲခူးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌတို့က မဲရုံထဲကို ဝင်လာတယ်။ ဝင်လာပြီး ပြန်ထွက်သွားပြီး တခါ မဲထည့်မယ်ဆိုပြီး ပြန်ဝင်လာတယ်။ နောက် သူတို့ စီးသွားတဲ့ ကားတွေကလည်း နိုင်ငံတော်က ပေးထားတဲ့ ကားတွေ။ နောက်တခုက အလုံမှာ ဆိုင်းဘုတ်ကြီး ထောင်ပြီးတော့ တရားလာဟောတာပေါ့။ အဲဒီတုန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ သူရဦးတင်ဦးတို့က လာဟောပြီးတော့ ၃ ရက်ကြာတဲ့အထိ ဆိုင်းဘုတ်က ပြန်မဖျက်ဘူး။ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ မဖြုတ်ရင် အရေးယူရမယ်။ ဒါတွေကို တင်ပြတယ်” လို့ပြောပါတယ်။

နိုင်ငံရေးပါတီတွေကရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ကော်မရှင် တာဝန်ရှိသူတွေနဲ့ အချေအတင် ဆွေးနွေးခွင့်လည်း မရခဲ့ဖူးလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ကော်မရှင်က မကျေနပ်လို့ရှိရင် ရွေးကောက်ပွဲကာလမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေကပဲ တရားစွဲဖို့ ရှိပါတယ်ပေါ့။ ပါတီတွေက ပူစရာမလိုပါဘူး ဆိုပြီးတော့ ငြင်းတယ်ဗျာ။ ငြင်းတော့ အချေအတင်ပြောလို့မရဘူးပေါ့ဗျာ။ သူတို့လုပ်တာတွေ မှန်တယ်ပေါ့။ ကော်မရှင်ကို ခဏ ခဏ မီဒီယာတွေမှာ ပြောနေမယ်ဆိုရင် သူတို့ဘက်က တစုံတရာ လုပ်ရလိမ့်မယ်ဆိုတဲ့အထိတောင် ပြောသွားတယ်။ အဲတော့ ယုံကြည်မှုတို့ ဘာတို့ ပြောတဲ့အခါကျရင် လက်တွေ့မဆန်ဘူးပေါ့။ ထောက်ပြပြီးတော့ တိုင်ကြားနိုင်တယ်ပေါ့။ သူ့ရဲ့ စည်းမျဉ်းစည်းကမ်းအရ တိုင်ကြားပါပေါ့။ ဥပဒေတွေမှာ ရှိပါရက်နဲ့ ညွန်ကြားချက်တွေမှာ ရှိပါရက်နဲ့ မော်တော်ကားတွေ စီးခွင့်ရှိတယ်ဆိုတာ ဘယ်လိုအခြေခံနဲ့ ပြောတယ်ဆိုတာ ကျနော် နားမလည်ဘူး။ ဒါကို ရှင်းပြဖို့ အချိန်လည်းမပေးဘူး။ ပြီးတော့ တယောက်ကို ငါးမိနစ်ဆိုတော့ အချိန်ကန့်သတ်ချက်ရှိတယ်။ အခမ်းအနားမှူးလုပ်တဲ့လူကလည်း အခမ်းအနား အစီအစဉ်အတိုင်း သွားမယ်ဆိုတော့ ပြန်လည်ချေပ မေးမြန်းရှင်းလင်းကြဖို့ တောင်းဆိုမှု အခွင့်အရေး မရပါဘူး။ အဲတော့ မကျေလည်နဲ့ဘဲ ပြန်လာရတဲ့ သဘောပဲ ရှိပါတယ်။”

တွေ့ဆုံပွဲတက်ရောက်ခဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မီတီဝင် ဦးစိုင်းသီဟကျောက်ကတော့  နိုင်ငံရေးပါတီနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြား ဆက်သွယ်ဆက်ဆံရမယ့် ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ဆိုပါစို့ အောက်ခြေတွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်မျိုးတွေပေါ့။  နိုင်ငံရေးပါတီတွေအပေါ်မှာ တခြားရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က ဆက်ဆံတဲ့ပုံစံမျိုးတွေ  မပြေလည်တဲ့ ကိစ္စတွေ ရှိတာပေါ့။ အဲလိုမျိုးဆိုရင်လည်း ဒီမှာ ပြောကြ ဆွေးနွေးကြပေါ့။ ဒီပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း သူ့မှာ ဆောင်ရွက်နေတဲ့အကြောင်း၊ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်တယ်ဆိုတဲ့ အကြောင်းပေါ့လေ။ ဒါကို သူ ပြန်ရှင်းတယ်ပေါ့။ သူ့အပိုင်းက သူလုပ်ရမယ့် ကိစ္စတွေကို ဘယ်လိုရပ်တည်ပြီး ဆောင်ရွက်မလဲ ဆိုတာ။ တချို့ပါတီတွေကျတော့လည်း သူတို့မှာ မပြေလည်တဲ့ ကိစ္စရပ်တွေကို ပြောကြ ဆွေးနွေးကြတာပေါ့” လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေနဲ့  နိုင်ငံရေးပါတီ ၇၂ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။

တက်ရောက်တဲ့ နိုင်ငံရေးပါတီတွေက  မဲစာရင်း ပြည့်စုံမှန်ကန်ရေး၊ ကြိုတင်မဲပေးတာ စနစ်တကျဖြစ်စေရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေ၊ ဆန္ဒမဲရေတွက်တာနဲ့ ကြေညာတဲ့ကိစ္စတွေ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဖြစ်စေရေးတို့ကို တင်ပြဆွေးနွေးခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကတော့ ရွေးကောက်ပွဲ လွတ်လပ်မျှတ ပွင့်လင်းမြင်သာမှု အများယုံကြည်လက်ခံမှုရှိဖို့ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်စေဖို့၊ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မဲစာရင်းပြည့်စုံ မှန်ကန်စေရေး နိုင်ငံရေးပါတီတွေ ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းသွားပါတယ်။

ဓာတ်ပုံ- ကြေးမုံ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013