DVB Logo
Home
မြန်မာသတင်း
မြန်မာ့လျှော်ဖြူ ပြည်ပနိုင်ငံများတွင် ဈေးကွက်ရရှိရေး ညှိနှိုင်းဆောင်ရွက်နေ
DVB
·
June 15, 2018
မြန်မာ့လျှော်ဖြူ ပြည်ပနိုင်ငံများတွင် ဈေးကွက်ရရှိရေး ညှိနှိုင်းဆောင်ရွက်နေ
Donate to DVB

မြန်မာနိုင်ငံတွင်းက လျှော်ဖြူပင်စိုက်ပျိုး ထုတ်လုပ်သူတွေအတွက် တရုတ်၊ အိန္ဒိယနဲ့ ထိုင်း အပါအဝင် နိုင်ငံ ၉ နိုင်ငံမှာ ဈေးကွက်ရရှိဖို့   ညှိနှိုင်း ဆောင်ရွက်ပေးနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က ပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်က ဒေါက်တာဦးကြွယ်ကြွယ်က လျှော်ဖြူပင်စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ နိုင်ငံတော်က စိုက်ပျိုးရေးပညာဖြန့်ဖြူပေးတာ၊ စိုက်ပျိုးမြေသစ်တွေ ဖော်ထုတ်ပေးတာ၊ ဈေးကွက်ရှာဖွေ မြှင့်တင်ပေးတာတွေ ပြုလုပ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို အခုလို ပြန်လည်ဖြေဆိုတာပါ။

ဒုဝန်ကြီး ဦးလှကျော်က “စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ အိန္ဒိယ၊ ထိုင်း၊ ဟောင်ကောင်၊ တရုတ်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဘယ်ဂျီယံ စတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံမှာ စီးပွားရေးသံမှူးတွေနဲ့ တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာ ကုန်သွယ်ရေးအရာရှိ တဦးတို့ စေလွှတ်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ဈေးကွက်အခြေအနေတွေ စုံစမ်းထောက်လှမ်းတာနဲ့ ဈေးကွက်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးတာတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ပြောပါတယ်။

ပြည်တွင်းဈေးကွက် ရရှိရေးအတွက်လည်း တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခုမှာ ကုန်သွယ်မှုဗဟိုဌာန ၁၂ ခု ဖွင့်လှစ်ခဲ့ပြီး ဒေသအလိုက်ထွက်ရှိတဲ့ လျှော်ဖြူစေးတွေကို ဒေသထွက်ကုန်ပြခန်းတွေမှာ ကုန်ပစ္စည်းအချက်အလက်တွေ ပြုစုပြသတာ၊ ဝယ်ယူလိုတဲ့ ကုန်သည်တွေ သိရှိအောင် သတင်းဖြန့်ဝေတာတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်က လျှော်ဖြူစိုက်ပျိုးနေတဲ့ ကိုဇေယျာအောင်က “ကိုယ့်ဟာကို တခြားစိုက်တဲ့သူတွေကို မေးမြန်းလေ့လာပြီး စိုက်တာ။ ဘယ်ကမှလည်း နည်းပညာတို့ မျိုးတို့ အကူအညီပေးတာမရှိဘူး။ အစိုးရဘက်က နည်းပညာတို့၊ မျိုးကောင်းမျိုးသန့်တွေ ဖြန့်ပေးရင်တော့ စိုက်တဲ့သူတွေအတွက် ပိုအဆင်ပြေတာပေါ့။ အခု မျိုးတပင်ကို ကျပ် ၁၅၀ ကနေ ၂၀၀ ထိ ပေးဝယ်ရတယ်။ လက်ရှိပေါက်ဈေးက ခြောက်သောင်း ၀န်းကျင်လောက်ရှိတယ်” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ လျှော်ဖြူစိုက်ပျိုးဖို့အတွက် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနဲ့အညီ လျှောက်ထားလာရင် မြေယာလုပ်ပိုင်ခွင့်တွေ ခွင့်ပြုပေးနိုင်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013