DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအသုံးအနှုန်း လုပ်ကြံဖန်တီးထားသည့် အခေါ်အဝေါ်သာဖြစ်ဟု ကာချုပ်ပြော
DVB
·
June 15, 2018
ရိုဟင်ဂျာအသုံးအနှုန်း လုပ်ကြံဖန်တီးထားသည့် အခေါ်အဝေါ်သာဖြစ်ဟု ကာချုပ်ပြော
Donate to DVB

ရိုဟင်ဂျာ အသုံးအနှုန်းဟာ လုပ်ကြံဖန်တီးထားတဲ့ အခေါ်အဝေါ်သာဖြစ်ပြီး မြန်မာနိုင်ငံသားတွေက ရိုဟင်ဂျာ အသုံးအနှုန်းကို လုံးဝ လက်သင့်မခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂ အထူးသံတမန်ကို  တွေ့ဆုံ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂီနာနဲ့ ဇွန်လ ၁၄ ရက် မနက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြောကြားခဲ့တာလို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

“ဘင်္ဂါလီများနှင့် ပတ်သက်ပြီး မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်တွင် လာရောက်နေထိုင်ကြသူများကို ဘင်္ဂါလီဟုသာ လက်ခံထားကြောင်း၊ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းမှာ ၎င်းတို့ လုပ်ကြံဖန်တီးထားသည့် အခေါ်အဝေါ်တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများက ၎င်းရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို လုံးဝ လက်သင့်မခံကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများအတွက် ပြဿနာဖြစ်စေနိုင်သော အသုံးအနှုန်းကို မသုံးစွဲဘဲ ရှောင်ကြဉ်ပေးစေလိုကြောင်း၊ ဘင်္ဂါလီဆိုသည်မှာ ဘင်္ဂလားမှလာသော သူများဟု ဆိုလိုခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ကိုလိုနီခေတ်တွင် ဘင်္ဂလားဒေသမှ ခေါ်ဆောင်လာသော သူများဖြစ်၍ ဘင်္ဂါလီဟုသာ ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၈၇၂ ခုနှစ်၊ သန်းခေါင်စာရင်း အထောက်အထားများအရ ရှီးယိုက်၊ ပထန်နှင့် မွတ်စလင်ဟုသာ သုံးနှုန်းထားပြီး ရိုဟင်ဂျာဟု မပါရှိကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေကို ပြန်လက်ခံရာမှာ ထိုက်သင့်သူတွေကို လက်ခံမယ်၊ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနဲ့အညီ စိစစ် လက်ခံသွားမယ်၊  ဒီကိစ္စ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးနေမယ့်အစား ဝိုင်းဝန်းကူညီဖြေရှင်းတဲ့ နည်းလမ်းကိုသာ ဆောင်ရွက်စေလိုတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ရပ်တည်ချက်တွေအပေါ် မြန်မာအပါအဝင် နိုင်ငံငယ်တွေက ယုံကြည်မှုရှိဖို့ လိုအပ်နေပြီး အပြုသဘောဆောင်တဲ့ ကူညီဆောင်ရွက်မှုတွေ ဖြစ်စေလိုတယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရွှာနာဘာဂီနာကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေကို သိရှိဖို့နဲ့ ကုလသမဂ္ဂသို့ ပြန်လည်တင်ပြနိုင်ဖို့ လာရောက်တာဖြစ်တယ်၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအမြင်တွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကိစ္စမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်းသာဖြစ်တယ်၊ တဖက်နိုင်ငံ၊ တဖက်အဖွဲ့အစည်းနဲ့ တဖက်လူ့အသိုက်အဝန်းကို ထိခိုက်အောင် ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေ ဆောင်ရွက်ပေးနေတာကို ဒေသခံတိုင်းရင်းသားတွေအနေနဲ့ နားလည်လက်ခံနိုင်ဖို့ ခက်ခဲနေတယ်၊ ပြဿနာ ဖြစ်ပွားမှုတွေမှာ တဦးတယောက်ချင်းရဲ့ ပြုမူဆောင်ရွက်ချက်နဲ့ တပ်မတော်ရဲ့ ပြုမူဆောင်ရွက်ချက်တွေကို ခွဲခြားသိမြင်ဖို့လည်း တပ်မတော်အကြီးအကဲက တိုက်တွန်းပြောပါတယ်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတချို့က မိမိတို့အပေါ် ခွဲခြားဆက်ဆံမှုနဲ့ ကန့်သတ်မှုတွေ ရှိနေတာဟာ အပြုသဘောမဆောင်တဲ့ လုပ်ဆောင်ချက်လို့ ဆိုနိုင်ကြောင်း၊ အကြီးအကဲတဦး၊ ခေါင်းဆောင်တဦးဟာ ခိုင်မာမှုမရှိတဲ့ သတင်းအချက်အလက်တွေ၊ ဖြစ်စဉ်တွေ၊ မဟုတ်မမှန်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ထုတ်ဖော်ပြောကြားတာဟာ အပြုသဘောမဆောင်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီး မုန်းတီးမှု၊ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဆိုပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာကို ကုလသမဂ္ဂရဲ့ ကလေးစစ်သားများ အသုံးပြုတဲ့ နိုင်ငံစာရင်းကနေ ပယ်ဖျက်ရေးကိစ္စရပ်၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ စားပွဲဝိုင်းဆွေးနွေးရေးဆိုင်ရာကိစ္စ၊ အနာဂတ်မှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂီနာဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေတာဖြစ်ပြီး မနေ့က နေပြည်တော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013