DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ် ဆွေးနွေး
DVB
·
June 15, 2018
ထိုင်းရောက် မြန်မာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ် ဆွေးနွေး
Donate to DVB

ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေ  မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို  မြန်မာသမ္မတနဲ့ ထိုင်းဝန်ကြီးချုပ် ပရာယဒ်ချန်အိုချာတို့ တွေ့ဆုံဆွေးနွေးပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ချစ်ကြည်ရေးခရီး သွားနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ချန်အိုချာက ဇွန် ၁၄ ရက် ညနေက အစိုးရအိမ်တော်မှာ အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပြီး နှစ်နိုင်ငံ အကြီးအကဲတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရေး၊ သင့်လျော်တဲ့  ရပိုင်ခွင့်နဲ့ ကာကွယ်စောင့်ရှောက်မှုပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဂိတ်တွေ အဆင့်မြှင့်တင်ရေးတို့ ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အရေးကိစ္စမှာ ထိုင်းနိုင်ငံက အပြုသဘော အကူအညီပေးရေး၊ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေ မြန်မာနိုင်ငံကို ပြန်လည်လာရောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန် ဆက်သွယ်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီနောက် နိုင်ငံတော်သမ္မတနဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ဟာ အစိုးရ အိမ်တော်မှာ ကျင်းပတဲ့ နှစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကြပြီး ဆွေးနွေးပွဲနဲ့စပ်လျဉ်းပြီး မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက မောင်းနှင်အားတခု ဖြစ်တဲ့အတွက် အရေးပါတဲ့အကြာင်း၊ ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လက် အကာအကွယ်ပေးသွားမယ့်အကြောင်းနဲ့ နှစ်နိုင်ငံ အစိုးရချင်းသဘောတူညီချက်နဲ့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေရဲ့ အလုပ်အကိုင် တိုးမြှင့်ခန့်ထားဖို့ သဘောတူညီမှု ရခဲ့တဲ့အကြောင်း  ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ရခိုင်ပြည်နယ် ပြဿနာ ရေရှည်အဖြေရှာဖို့ မြန်မာအစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ဖြစ်တဲ့  နိုင်ငံတော်အဆင့် လွတ်လပ်တဲ့ စုံစမ်းစစ်ရေးကော်မရှင် ဖွဲ့စည်းတာနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နီးနီးကပ်ကပ် စေ့စပ်ညှိနှိုင်း လုပ်ကိုင်နေတာတွေကို အားပေးထောက်ခံတယ်လို့လည်း ပြောပါတယ်။  

ဒါ့အပြင် ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ  ဆယ်စုနှစ်တွေနဲ့ချီပြီး ခိုလှုံနေကြသူတွေ မြန်မာနိုင်ငံကို ပြန်လာရေးနဲ့ ပတ်သက်ပြီးလည်း ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်း လက်တွဲပြီး အောင်အောင်မြင်မြင် ဆောင်ရွက်ဖို့ စီစဉ်နိုင်ခဲ့ပြီး ကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဒုက္ခသည်စုစုပေါင်း ၁၆၄ ယောက်ကို နှစ်သုတ်ခွဲကာ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ခဲ့ပြီး ဒုက္ခသည်တွေ နောက်ထပ်  ပိုမိုထိထိရောက်ရောက် စနစ်တကျနဲ့ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိနဲ့ ဆန္ဒအလျောက် ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က တပ်ခ်ခရိုင်၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ကန်ကျနဘူရီခရိုင်တွေမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ သိန်းနဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ခိုလှုံနေထိုင်နေကြပါတယ်။

 ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013