DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ်​တွင်​​ ရေကြီးမှု​ကြောင့် ကျောင်း​ပေါင်း ၂၀၀ ခန့် ပိတ်ထားရ
DVB
·
June 15, 2018
မင်းပြားမြို့နယ်​တွင်​​ ရေကြီးမှု​ကြောင့် ကျောင်း​ပေါင်း ၂၀၀ ခန့် ပိတ်ထားရ
Donate to DVB

မိုးအဆက်​မပြတ်​ရွာသွန်းပြီး ရေကြီးလာတာ​ကြောင့် ရခိုင်​ပြည်​နယ်​၊ မင်းပြားမြို့နယ်​က စာသင်​​ကျောင်း​ပေါင်း ၂၀၀ ​လောက်​ကို ပိတ်​ထားလိုက်​ပြီလို့ မင်းပြားမြို့နယ်​ ပညာ​ရေးဌာနက သိရပါတယ်​။

မင်းပြားမြို့နယ်​ ဒု-မြို့နယ်​ပညာ​ရေးမှူး ဦး​မောင်​​အောင်​စိန်​က “ဇွန်လ ၁၃ ရက်​​နေ့မှာ ဆိုရင်​ ​ကျောင်း ၂၅​ ကျောင်း ပိတ်​တယ်​။ ဒီ​နေ့မှာဆိုရင်​​တော့ ကျောင်းအားလုံးနီးပါး ပိတ်​လိုက်​ပြီ၊ စုစု​ပေါင်း ​ကျောင်းပိတ်​လိုက်​တာက ၁၈၀ ​ကျော်​ပိတ်​ထားတယ်​။ ကျန်​တဲ့အဆက်​အသွယ်​မရတဲ့ နေရာ​တွေ ရှိ​နေတယ်​။ ဘယ်​လိုမှ ဖုန်းလိုင်း အဆက်​အသွယ်​မရဘူး။ အဆက်​အသွယ်​မရတာ ကျောင်း​ပေါင်း ၃၀​ လောက်​ပဲ ကျန်​​တော့တယ်​”​လို့ ပြောပါတယ်​။

မင်းပြားမြို့မှာ လက်​ရှိ အချိန်​အထိ ​ရေ ၅ ​ပေလောက်အထိ မြင့်တက်​​နေသလို မင်းပြားမြို့နယ်ထဲက ပန်းမြောင်းကြီးချောင်းကျေးရွာတွေ ဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၅ ပေ​ကျော်​အထိ တက်နေပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ ဆိုရင် မင်းတမ်းမ၊ လက်ခုက်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေတို့မှာလည်း ရေ ၆​ ပေ​ကျော်​အထက် တက်နေတယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်​ ဒု-မြို့နယ်​ပညာ​ရေးမှူးက "ကျ​နော်​တို့ ရုံးမှာ​တောင်​ ​ရေ ၅ ​ပေ​ကျော်​ တက်​​နေပြီ၊ ဒါက မြို့​ပေါ်မှာပဲ ရှိ​သေးတယ်​။ မင်ပြားနယ်ဘက်တွေက ဖုံးသာ​ချောင်း၊ ပန်း​မြောင်​ကြီး​ချောင်းဆိုရင်​ ၆​ ပေက​နေ ၇​ ပေအထိ​ တက်​​နေတယ်​။ ဒီလို​ရေကြီး​နေတဲ့အချိန်​မှာ ဆရာ၊ ဆရာမ​တွေ နားခိုင်းထားပါတယ်​။ အန္တရာယ်​များလို့​”လို့ ပြောပါတယ်​။

မင်းပြားမြို့နယ်​မှာ ရေဘေး စိုးရိမ်​ရတဲ့အ​ခြေအ​နေ ရှိ​နေပြီး ဒေသခံတွေဟာ ဘုန်း​တော်​ကြီး​ကျောင်း​တွေ၊ စာသင်​​ကျောင်း​တွေမှာ ခိုလှုံနေကြရကာ ​​မြောက်​ဦး၊ အမ်းနဲ့ ဂွဒေသတွေဘက်မှာလည်း ရေကြီးနေလို့ ကူညီကယ်​ဆယ်​​ရေး​ပေးဖို့ စီစဉ်​​နေတယ်လို့ ရခိုင်​ပြည်​နယ်​​ ဘေးအန္တရာယ်​ စီမံခန့်​ခွဲရေးမှူးရုံးက ဦးစီးမှူးရဲမင်းဦးက ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှု​ကြောင့် ရခိုင်​ပြည်​နယ်​ အနှံ့အပြားမှာ ​ရေကြီးမှု​တွေ၊ လေပြင်းနဲ့ ​​လေဆင်​နှာမောင်း တိုက်​ခတ်​မှုတွေကြောင့် လူနေအိမ်တွေ၊ ဘာသာ​ရေး အဆောက်အအုံ​တွေ၊ စာသင်​​ကျောင်းတွေ ပျက်​စီးပြီး  လူနဲ့ တိရစ္ဆာန်​​ သေဆုံးတာတွေလည်း ရှိပါတယ်​။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013