DVB Logo
Home
မြန်မာသတင်း
အန်စီအေ လက်မှတ်ထိုးရေးကိစ္စ အပစ်ရပ်အဖွဲ့များနှင့် ကေအန်ပီပီ တွေ့ဆုံဆွေးနွေး
DVB
·
June 14, 2018
အန်စီအေ လက်မှတ်ထိုးရေးကိစ္စ အပစ်ရပ်အဖွဲ့များနှင့် ကေအန်ပီပီ တွေ့ဆုံဆွေးနွေး
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)နဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့ ဒီကနေ့တွေ့ဆုံပြီး အန်စီအေ လက်မှတ်ရေး ထိုးနိုင်ရေးအတွက်  တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲကို ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်၊ နမ့်ဆွယ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (ပီပီအက်စ်တီ) ကိုယ်စားလှယ်အဖွဲ့က သွားရောက် တွေ့ဆုံတာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ လက်ရှိဆောင်ရွက်ချက်နဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သွားရောက်ရှင်းပြတာလို့ တွေ့ဆုံခဲ့တဲ့ ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဆွေးနွေးတယ်ဆိုတာ အန်စီအေရဲ့ ကျနော်တို့အခု ဆောင်ရွက်နေတဲ့ အနေအထားကို ရှင်းပြတာဖြစ်ပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ထိုး မထိုးဘူးဆိုတာကတော့ သူ့တို့ ဆုံးဖြတ်ရမယ့်ကိစ္စပါ။   ကျနော်တို့ကတော့ လက်ရှိ ကျနော်တို့ ဆောင်ရွက်နေတဲ့ အန်စီအေ အကောင်အထည်ဖော်မှုတွေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ ဖြစ်ပေါ် တိုးတက်မှု ဒါတွေပဲ ရှင်းပြတာပါပဲ။ ”

ကေအန်ပီပီအနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုဆိုင်ရာ သဘောတူစာချုပ် (အန်စီအေ)မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတောကို မေးမြန်းခဲ့ ပါတယ်။

“အခက်အခဲကတော့ အခု ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရဲ့ အန်စီအေ အကောင်အထည်ဖော်မှုမှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေအပေါ်မှာ သူတို့လည်း စိုးရိမ်မှု ရှိတာပေါ့လေ။ တကယ်လို့ သူတို့ လက်မှတ်ရေးထိုးလို့ရှိရင်လည်း သူတို့မှာကလည်း အခက်အခဲရှိမှာစိုးရိမ်တာ။ အခုကတော့ ဘာမှ ယတိပြတ် ဆုံးဖြတ်မှုမရှိသေးပါဘူး။” လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ လွိုင်ကော်မြို့မှာတရားဝင်တွေ့ဆုံပြီး အန်စီအေ လက်မှတ်ထိုး နိုင်ရေး ဆက်လက်ကြိုးပမ်းဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

ကေအန်ပီပီဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအန် အက်ဖ်စီ အဖွဲ့ဝင်ဖြစ်ပြီး အန်စီအေ လမ်းကြောင်းအတိုင်းသွားဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013