ကမ္ဘာကျော် ဆွစ်ဇာလန်နိုင်ငံထုတ် နာရီအမှတ်တံဆိပ်တွေဖြစ်တဲ့ Audemars Piguet (AP) နာရီနဲ့ Swatch နာရီကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ “Royal Pop” နာရီတွေကို စင်ကာပူနိုင်ငံရှိ Orchard ION ကုန်တိုက်မှာ မေ ၁၆ ရက်က စတင်ရောင်းချနေတာမှာ လူငယ်တွေက ညအိပ် တန်းစီစောင့်ဆိုင် ဝယ်ယူ အားပေးနေကြပါတယ်။
Audemars Piguet (AP) နာရီဟာ ကမ္ဘာ့ထိပ်တန်း သန်းကြွယ်သူဌေးတွေ၊ အနုပညာရှင်တွေနဲ့ အားကစားသမားတွေ ဝတ်ဆင်တဲ့ Ultra-luxury နာရီအမျိုးအစားဖြစ်ပြီး နာမည်ကျော် "Royal Oak" မော်ဒယ်ဆိုရင် ပုံမှန်အားဖြင့် ဒေါ်လာသောင်းဂဏန်းကနေ သိန်းချီ တန်ကြေးရှိပါတယ်။
Swatch နာရီကတော့ လူငယ်တွေနဲ့ အများပြည်သူ အလွယ်တကူ ဝတ်ဆင်နိုင်တဲ့၊ စျေးနှုန်း ဒေါ်လာ ရာဂဏန်းနဲ့ရောင်းချတဲ့ အရောင်အသွေးစုံလင်တဲ့ ပလတ်စတစ် ပေါ့ပေါ့ပါးပါး နာရီအမျိုးအစား ဖြစ်ပါတယ်။
အခုအသစ်ထုတ်လုပ်တဲ့ “Royal Pop” နာရီကတော့ အလွန်စျေးကြီးတဲ့ AP နာရီဒီဇိုင်းကို အခြေခံပြီး Swatch က လူတိုင်းဝယ်နိုင်တဲ့ စျေးနှုန်းနဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်လို့ စင်ကာပူမှာ လူငယ်တွေရော၊ နာရီစုဆောင်းသူတွေပါ တညလုံး တန်းစီပြီး လုဝယ်ကြတာ ဖြစ်ပါတယ်။
“Royal Pop” နာရီဟာ လက်ပတ်နာရီမဟုတ်ဘဲ အိတ်ဆောင်နာရီပုံစံမျိုး ဖြစ်ပြီး၊ အပြင်ထွက်ရင် လည်ပတ်ကြိုးနဲ့ ဆွဲသွားလို့ရသလို လက်ကိုင်အိတ်၊ အင်္ကျီနဲ့ ဘောင်းဘီတွေမှာ ချိတ်လို့ရအောင် ဖန်တီထားပါတယ်။
ဒီနာရီတွေကို ပုံစံဒီဇိုင်းအပေါ်မှာမူတည်ကာ အမေရိကန်ဒေါ်လာ ၄၀၀ (စင်ကာပူဒေါ်လာဖြင့် ၅၃၅ ဒေါ်လာ ခန့်) အမေရိကန်ဒေါ်လာ ၄၂၀ (စင်ကာပူဒေါ်လာဖြင့် ၅၇၀ ဒေါ်လာ ခန့်) နဲ့ရောင်းချနေတာ ဖြစ်ပါတယ်။










