DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်တွင် ကျေးရွာ ၇၀ ကျော်ရေနစ်မြုပ်၍ စားနပ်ရိက္ခာများ ရေထဲမျောပါ
DVB
·
June 14, 2018
မင်းတုန်းမြို့နယ်တွင် ကျေးရွာ ၇၀ ကျော်ရေနစ်မြုပ်၍ စားနပ်ရိက္ခာများ ရေထဲမျောပါ
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ထဲမှာ ကျေးရွာ ၇၀ ကျော်ရေနစ်မြုပ်ပြီး သွားလာဖို့အတွက် စက်လှေအခက်အခဲကြောင့် ရေနစ်မြုပ်နေတဲ့ကျေးရွာတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ဖို့ ခက်ခဲနေပါတယ်။

ဇွန်လ ၈ ရက်က စတင်ရွာသွန်းခဲ့တဲ့ မိုးက ဒီနေ့ ဇွန်လ ၁၄ ရက်အထိ အဆက်မပြတ် ရွာသွန်းနေခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့ ညနေမှာ ရေတွေက ချောင်းတလျှောက်က ရွာတွေကို စတင်ဝင်ရောက်လာလို့ အိမ်တွေမှာရှိတဲ့ ဆန်တွေ၊ ပဲတွေ အကုန်ရေထဲကို မျောပါကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တောင်မြင့်ကျေးရွာ မူလတန်းကျောင်းအုပ် ဦးစိုးဝင်းက “ရေက နှစ်စဉ်တက်နေကျပဲ ဆိုတော့ ထွေထွေထူးထူး ဘာမှမလုပ်ဘူးလေ။ မိုးက အဆက်မပြတ်ရွာပြီး ၁၁ ရက်နေ့ ညနေလောက်ကျမှ ရေက ဆက်တိုက်တက်လာတာ အိမ်တွေပေါ်အထိကို တက်လာတာ ဘာမှ မယူနိုင်တော့ဘူး။ တိရစ္ဆာန်တွေ၊ သက်ကြီးရွယ်အိုတွေပဲ ကုန်းမြင့်တဲ့နေရာတွေကို အမြန်ရွှေ့လိုက်ရတာ။ ဆန်တွေ၊ ပဲတွေ၊ ကုန်ခြောက်ပစ္စည်းတွေ အကုန် ရေမြုပ်ပျက်စီးကုန်တာပဲ။ ဒီရွာကတော့ အခုရေကျသွားပြီ။ မင်းတုန်းမြို့က ပရဟိတ အဖွဲ့တွေ လာပေးတဲ့ဟာလေးတွေနဲ့ အဆင်ပြေပါတယ်။ တချို့ စက်လှေနဲ့သွားမှရမယ့် နေရာတွေက ရွာတွေဆို အခုထိ ရေနစ်နေတုန်းပဲ သူတို့ဆီကိုလည်း အခုသွားလို့မရဘူး”လို့ ပြောပါတယ်။

ကျေးရွာတွေအကုန်လုံးကိုရောက်ဖို့က စက်လှေကိုပဲ အားပြုရတာဖြစ်ပါတယ်။ မင်းတုန်းမြို့မှာက စက်လှေ ၅ စီးခန့်ပဲရှိလို့  ရေနစ်တဲ့ရွာအားလုံးကို သွားပြီး မကူညီနိုင်သေးဘူးလို့ သိရပါတယ်။

မင်းတုန်းမြို့က တွဲလက်လူငယ်ပရဟိတအဖွဲ့ အတွင်းရေးမှူး ကိုမင်းထက်ကောင်းက “အစိုးရအဖွဲ့ကလည်း တခြား မကွေးတိုင်းထဲက တံတားကျိုးတာတွေ ရေကြီးတာတွေ ဘက်ကိုပဲ အာရုံစိုက်နေရတော့ ဒီဘက်ကိုမလာနိုင်သေးဘူး။ သွားလို့ မရတဲ့ကျေးရွာတွေ အတွက်တော့ စိုးရိမ်နေတယ်”လို့ ရှင်းပြပါတယ်။

မင်းတုန်းမြို့နယ်ထဲမှာ ရေတက်ပြီး လူတယောက် မင်းတုန်းချောင်ထဲမျောပါသေဆုံးခဲ့ပြီး အိမ်မွေးဝက်တွေလည်း ရေထဲမျောပါပျောက်ဆုံး ဆုံးရှုံးခဲ့ပါတယ်။ ဒီနေ့အထိတော့ နိုင်ငံတော်က အကူအညီတစုံတရာ မရောက်ရှိသေးပါဘူး။

မင်းတုန်းချောင်း တလျှောက်မှာ ရွာပေါင်း ၄၀၊ လွှာချောင်းတလျှောက်မှာ ရွာပေါင်း ၃၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး အခုတော့ မင်တုန်းမြို့ပေါ်က နိုင်ငံရေးပါတီတွေ၊ ပရဟိတအဖွဲ့တွေ မြို့ခံတွေကပဲ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီနေပေမယ့် အကူအညီတွေလိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013