
ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ အုတ်ဖိုကျေးရွာက အိမ်အကူအမျိုးသမီး ဒေါ်ကရင်မ သေဆုံးမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုကို ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မှာ တောင်ပိုင်းခရိုင် တရားရုံးက လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုလိုက်ပါတယ်။
အိမ်အကူအမျိုးသမီး ဒေါ်ကရင်မဟာ လှည်းကူးမြို့နယ်မှာရှိတဲ့ တပ်မတော်အရာရှိရဲ့ နေအိမ်မှာ အိမ်အကူအဖြစ် ရှစ်လတာနေထိုင်ပြီး ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြ ချက်နဲ့ အိမ်အကူဖြစ်သူဥပဒေအရာရှိ ဒေါ်သိင်္ဂီစုက ရွာကိုပြန်လည်ပို့ဆောင်ခဲ့တာပါ။
ဒီလိုပြန်ပို့ပြီးနာရီပိုင်းအတွင်းမှာပဲ ဒေါ်ကရင်မဟာ သူညှဉ်းပန်းနှိပ်စက်ခံရကြောင်း ရပ်ရွာလူကြီးတွေကိုပြောပြပြီး သေဆုံးသွားခဲ့တာပါ။
ဒါကြောင့် ကျေးရွာလူကြီးတွေက တရားလိုပြုလုပ်ပြီး အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုကို တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
တရားစွဲဆိုခံထားရတဲ့ ဒေါ်သိင်္ဂီစုကို ရုံးထုတ်တဲ့နေရာမှာ ရဲအင်အားအများပြားသုံးပြီး မျက်နှာကို အထပ်ထပ်ကာကွယ်ထားတာကို တွေ့ရပါတယ်။
ဒီအမှုကိုတော့ ဒေါ်ကရင်မဘက်က ပြည်ထောင်စုလွှတ်တော် အထောက်အကူပြုအဖွဲ့က လိုက်ပါဆောင်ရွက်ပေးနေပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လိုက်ပါ ကူညီဆောင်ရွက်ပေးနေသလို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
နောက်တပတ်ရုံးချိန်းကိုတော့ ဇွန်လ ၂၈ ရက်ကို ထပ်မံချိန်းဆိုထားပါတယ်။











