DVB Logo
Home
Lead Story
အိမ်ခြံမြေဈေးကွက် မြှင့်တင်ရေး အောင်မြင်ရဲ့လား
DVB
·
June 14, 2018
အိမ်ခြံမြေဈေးကွက် မြှင့်တင်ရေး အောင်မြင်ရဲ့လား
Donate to DVB

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်နဲ့ ကွန်ဒို၊ တိုက်ခန်း ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ၂၀၁၅ မတိုင်ခင် ရွေးကောက်ပွဲအတွက် စောင့်ကြည့်ရေးကာလ၊ ၂၀၁၅ ရွေးကောက်ပွဲကာလနဲ့ ၂၀၁၆ ထဲမှာ ထပ်မြင့်အဆောက်အအုံတွေ တနှစ်နီးပါး ရပ်ဆိုင်းလိုက်ရတဲ့ ဖြစ်စဉ်တွေနဲ့အတူ အလုပ်မဖြစ်ခဲ့ကြပါဘူး။ ဒီအချက်တွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကို သက်ရောက်စေခဲ့ပြီး မြန်မာ့စီးပွားရေး ပြန်လည်ကျဆင်းမှုလည်း ဖြစ်စေခဲ့တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သုံးသပ်ခဲ့ကြပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ အထက်က အခြေအနေတွေနဲ့အတူ ပြန်လည်မြိုင်ဆိုင်မှု ရှိမလာပေမယ့် ဝန်ဆောင်မှုကုမ္ပဏီတွေကတော့ အရောင်းပြပွဲတွေလုပ်ပြီး ဈေးကွက်မြှင့်တင်မှုတွေ လုပ်ကြပါတယ်။

နှစ်ရှည်ချေးငွေနဲ့ ဝယ်ယူနိုင်ဖို့ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး လုပ်လာတာ၊ ဘဏ်တွေဘက်ကနေ နှစ်ရှည်ချေးငွေနဲ့ ဝယ်ယူနိုင်မှုကို အရစ်ကျ ပေးသွင်းမှုအတွက် နှစ်ပိုတိုးပေးလာတာတွေ တွေ့ရပါတယ်။ လက်ရှိမှာ ဧရာဝတီဘဏ်ဟာ ၁၅ နှစ် အရစ်ကျနဲ့ အိမ်ရာဝယ်ယူမှုတွေအတွက် ဝန်ဆောင်မှုရှိနေသလို ကမ္ဘောဇဘဏ် ဆိုရင်လည်း ၂၅ နှစ်အထိ တိုးပေးလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီလို အရစ်ကျချေးငွေနဲ့ ဝယ်ယူနိုင်မယ် ဆိုပေမယ့် ဘဏ်တွေမှာ ပထမဆုံး ပေးသွင်းရမယ့် ၃၀ ရာခိုင်နှုန်းနဲ့ ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းဟာ များပြားတဲ့ နှုန်းတခု ဖြစ်နေပါသေးတယ်။

ဘဏ်တိုးနှုန်းတွေ လျှော့ချစေချင်ကြ

မြန်မာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းရှင်တွေဟာ လက်ရှိ ဘဏ်တိုးနှုန်းကို လျှော့ချစေချင်ကြပါတယ်။ ဘဏ်တိုးနှုန်း လျှော့ချမှလည်း ဘဏ်က ချေးငွေယူပြီး လုပ်ငန်းကို အရှိန်မြှင့်မယ့် လုပ်ငန်းရှင်ရော၊ အိမ်ရာ တိုက်ခန်းတွေကို အရစ်ကျနဲ့ ဝယ်ကြမယ့် စားသုံးသူတွေအတွက်ရော အဆင်ပြေမယ်လို့ ယူဆကြလို့ပါ။ ဒါ့ကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်ပေါင်း များစွာက ဘဏ်တိုးနှုန်းကို ၁၃ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းအထိ လျှော့ချဖို့နဲ့ စီမံကိန်းတွေကို အာမခံထားပြီး ၃ နှစ်ကနေ ၁၀ နှစ်လောက်အထိ ဘဏ်ချေးငွေရဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေထဲကလည်း ဘဏ်တိုးနှုန်း လျှော့ချဖို့ တောင်းဆိုခဲ့တဲ့သူတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်ဘက်က ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးစိုးမင်းက အတိုးနှုန်းချလိုက်လို့ ဘဏ်တွေမှာ ငွေမအပ်ရင် ပင်စင်စားတွေနဲ့ လူလတ်တန်းစားတွေကို ထိခိုက်နိုင်သလို ငွေစုဆောင်းသူ နည်းပါးသွားရင် ဈေးကွက်ထဲမှာ ငွေကြေး လိုတာထက် ပိုများလာပြီး ငွေဖောင်းပွမှု ဖြစ်စေနိုင်တာမို့ ဘဏ်တိုးနှုန်းတွေကို လျှော့ချဖို့ မဖြစ်နိုင်သေးဘူးလို့ လွှတ်တော်မှာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ အခြား ဗဟိုဘဏ် ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးစိုးသိန်းကလည်း ငွေဖောင်းပွမှုကို ထိန်းသိမ်းနေတဲ့ကာလ ဖြစ်တာမို့ ဘဏ်တိုးနှုန်းကို မလျှော့ချနိုင်သေးဘူးလို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက ဘဏ်တိုးနှုန်းကလည်း မြင့်နေပါတယ်။ ချေးငွေအပေါ် မြန်မာနိုင်ငံမှာ ၁၃ ရာခိုင်နှုန်း ယူပေမယ့် ထိုင်းနိုင်ငံမှာ ၅ ရာခိုင်နှုန်းဝန်းကျင်နဲ့ ဗီယက်နမ်မှာ ၇ ရာခိုင်နှုန်းဝန်းကျင်ပဲ ယူတာပါ။

အခွန်နှုန်းတွေ မလျော့ခဲ့

အိမ်ခြံမြေဈေးကွက်မှာ လက်ရှိဖြစ်နေတဲ့ အေးစက်မှုတွေကနေ အရောင်းအဝယ်တွေ သွက်လက်လာဖို့ လုပ်ငန်းရှင်တွေဟာ အခွန်နှုန်းထားတွေ လျှော့ဖို့ တောင်းဆိုကြပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က ကောက်ခံခဲ့တဲ့ အခွန်နှုန်းထားဖြစ်တဲ့ အများဆုံး ၃၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းလောက်အထိ လျှော့ချဖို့ ပြောဆိုခဲ့ကြတာပါ။ ဒီနှစ်ဦးမှာ အစိုးရက လျှော့ချဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခွန်ကို မနှစ်ကအတိုင်းပဲ ဆောင်ကြရဦးမှာပါ။ အိမ်ခြံမြေကဏ္ဍဟာ ရင်းနှီးမြှုပ်နှံမှုတွေ များများစီးဝင်ပြီး ငွေကြေးလည်ပတ်မှု မြိုင်လာမှ အလုပ်ဖြစ်လာမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကြည့်မယ်ဆိုရင် အိမ်ခြံမြေကဏ္ဍဟာ နံပါတ် ၅ နေရာမှာ ရှိနေပြီး အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါး ခွင့်ပြုထားတာ တွေ့ရပါတယ်။ ကိန်းဂဏန်းတွေအရ ဆိုရင် နှစ်အလိုက် အိမ်ခြံမြေကဏ္ဍမှာ ဝင်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း တိုးနေတာပါ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၄၀၀ ကျော်ကနေ နှစ်အလိုက် တိုးလာနေပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၁ ဘီလီယံကျော်အထိ ရှိလာတာ တွေ့ရပါတယ်။

ကွန်ဒိုဥပဒေနဲ့ တိုက်ခန်းဥပဒေ

ဈေးကွက်မှာ ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေ ဝယ်ယူခွင့် ရနိုင်မယ့် ကွန်ဒို (စုပေါင်းပိုင်အဆောက်အအုံ) ဥပဒေကို အိမ်ခြံမြေသမားတွေက မျှော်လင့်ခဲ့ကြပါတယ်။ အခုတော့ ဥပဒေရော နည်းဥပဒေပါ ထွက်ရှိထားပြီး နိုင်ငံခြားသား ပိုင်ဆိုင်မှုကို စုစုပေါင်း ကြမ်းခင်းဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းအထိ သတ်မှတ်ပေးထားပါတယ်။ ဒီလို နိုင်ငံခြားသား ဝယ်ယူခွင့်ရှိလာတဲ့ ကွန်ဒိုနည်းဥပဒေ ထွက်လာပေမယ့်လည်း ဈေးကွက်က ထင်ထားသလောက် သွက်လက်မလာဘူးလို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ညည်းညူနေကြတုန်းပါ။

နောက်တခု ဈေးကွက်မှာ ထပ်မံ မျှော်လင့်ထားတာက တိုက်ခန်းဥပဒေ (apartment law) ဖြစ်ပါတယ်။ ရိုးရိုးတိုက်ခန်းတွေအတွက် သီးသန့်ဥပဒေ မရှိတာကြောင့် ရောင်းကြ၊ ဝယ်ကြတဲ့အခါမှ အာမခံမှုတွေ၊ ဥပဒေအရ အကာအကွယ်ပေးမှုတွေ လိုအပ်နေပါသေးတယ်။ တိုက်ခန်းအရောင်းအဝယ်တွေ ပိုမိုတွင်ကျယ်လာဖို့မှာ ဒီဥပဒေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ မျှော်ကြပါတယ်။ လက်ရှိမှာတော့ ထွက်မလာသေးပါဘူး။

ဈေးနှုန်းတွေ ခေါင်ခိုက်ခဲ့ဖူး

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အခုအချိန်မှာသာ ဈေးကွက် သိပ်မကောင်းသလို ဖြစ်သွားပေမယ့် တချိန်ကတော့ ခေတ်ကောင်းခဲ့ပြီး ဈေးနှုန်းတွေဟာလည်း အရမ်းမြင့်မားသွားခဲ့ပါတယ်။ အခြေခံလူတန်းစား လူလတ်တန်းစားတွေအနေနဲ့ တော်ရုံ လုံးဝမကပ်နိုင်တဲ့ ဈေးနှုန်းတွေဟာ ရန်ကုန်မှာ တကယ်ဖြစ်ခဲ့တာပါ။

နိုင်ငံတကာ အတိုင်ပင်ခံ အဖွဲ့အစည်းတခုဖြစ်တဲ့ Mercer က ထုတ်ပြန်ထားတဲ့ ၂၀၁၇ ခုနှစ် နေထိုင်မှု စရိတ်အကြီးဆုံး မြို့တွေစာရင်းမှာ ရန်ကုန်ဟာ အဆင့် ၆၇ မှာ ရှိနေတာပါ။ ဂျာမနီက ဘာလင်ဟာ အဆင့် ၁၂၀ နဲ့ Mexico city တောင်မှ အဆင့် ၁၇၇ မှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013