DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့တွင် ကျောင်းသားတဦး ကျောင်းမျက်နှာကြက်ပေါ်က ပြုတ်ကျသေဆုံး
DVB
·
June 14, 2018
ကျောက်ကြီးမြို့တွင် ကျောင်းသားတဦး ကျောင်းမျက်နှာကြက်ပေါ်က ပြုတ်ကျသေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်ရှိ အ.လ.က(ခွဲ)ကျောင်းမှာ တတိယတန်းကျောင်းသား မောင်စွမ်းပြည့်ဦးဟာ ကျောင်းမျက်နှာကြက်ပေါ် ခိုငှက် တက်ဖမ်းရာက ပြုတ်ကျသေဆုံးခဲ့တယ်လို့ ကျောက်ကြီးမြို့မရဲစခန်းက သိရပါတယ်။

ဇွန် ၁၃ ရက် ညနေ ၅ နာရီခွဲလောက်က မောင်စွမ်းပြည့်ဦးနဲ့ အခြားကျောင်းသား နှစ်ဦးတို့ဟာ ကျောင်းဆင်းချိန်မှာ အမြင့် ၂၄ ပေရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ရဲ့ မျက်နှာကြက်ပေါ်ကို ခိုတက်ဖမ်းရာက ကျောက်ပြားကျွံကျပြီး ကျောင်းအတက်လှေကားရင်း အုတ်ခုံပေါ် ပြုတ်ကျသေဆုံးခဲ့တာပါ။

ကျောက်ကြီးမြို့မ ရဲတပ်ဖွဲစခန်းမှူး ဒုရဲမှူးအေးထွန်းက “ကျောင်းဆင်းသွားချိန်မှာ ကလေးတွေက ကျောင်းရဲ့အပေါ်ထပ်မျက်နှာကြက်ပေါ်ကို ခုံတွေ ခုတက်ပြီး ခိုတက်ဖမ်းပါ။ မျက်နှာကြက်က ကျွံကျတော့ ကျောင်းရဲ့လှေကားအုတ်ခုံပေါ်ကျပြီး အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့တယ်။ ကျောင်းမှာ ကျောင်းအစောင့်ရှိမယ် ဆိုရင်တော့  ကျောင်းဆင်းတာနဲ့ အခန်းတံခါးတွေပိတ်ရင် ဒါမျိုးမဖြစ်နိုင်ဘူးပေါ့။ ကျောင်းကလည်း နှစ်ထပ်ကျောင်းဆောင် ဆိုတော့ ၂၄ ပေလောက် မြင့်တယ်။ အခုတော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

မျက်နှာကြက်ပေါ်က ပြုတ်ကျခဲ့တဲ့အတွက် တတိယတန်းကျောင်းသား စွမ်းပြည့်ဦးဟာ ညာဘက်ဦးခေါင်းခွံ ကြေမွဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာတင် သေဆုံးတယ်လို့ ကျောက်ကြီးမြို့မ ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှုဖွင့်လှစ်ပြီး သေဆုံးသူရဲ့အလောင်းကို ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ်သိရှိဖို့ ဆေးပညာအရ စစ်ဆေးနေပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013