DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်တွင် ရေကြီးမြေပြိုပြီး အမျိုးသမီး ၁ ဦးချောင်းထဲမျောပါပျောက်ဆုံး
DVB
·
June 14, 2018
ဒီးမော့ဆိုမြို့နယ်တွင် ရေကြီးမြေပြိုပြီး အမျိုးသမီး ၁ ဦးချောင်းထဲမျောပါပျောက်ဆုံး
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လိုဘာခို ကျေးရွာအုပ်စုက လယ်ဧက ၁၅၀ ကျော် ရေနစ်နေသလို မနေ့က အမျိုးသမီးတဦး ရေထဲ မျောပါပျောက်ဆုံးသွားတယ်လို့ ဒီမော့ဆိုမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက ပြောပါတယ်။

ဒီးမောဆိုမြို့နယ်၊ ဒန်တိုကျေးရွာနေ မောင်နှမ ၃ ဦးဖြစ်တဲ့ မောင်တာမလာတူး၊ မအယ်ခူခေါနဲ့ မနန်းတုတို့ဟာ လယ်တောထဲကို သွားရောက်နေစဉ် ဘူးကလိန်ချောင်း ကမ်းပါးပြိုကျပြီး မနန်းတု (အသက်- ၁၈ နှစ်)ချောင်းထဲ မျောပါပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက “သူတို့က မောင်နှမ သုံးယောက်ပေါ့။ သူတို့ ချောင်းကမ်းပါးမှာရှိတဲ့ လယ်ထဲကို လယ်လုပ်ငန်းသွား လုပ်တာပေါ့။ အဓိကက  လယ်ထဲက ရေ ဖောက်ချတဲ့သဘော။ ချောင်းကမ်းပါးပြိုပြီးတော့ တယောက်က ဆယ်တန်းဖြေထားတာနှစ် နှစ်ရှိပြီ။ သူ မျောပါသွားတယ်။ ကျနော်တို့ ကြိုးစားပြီးရှာနေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လိုဘာခို ကျေးရွာအုပ်စုက လယ်ဧက ၁၅၀ ကျော်ကလည်း ဇွန်လ ၁၂ ရက် ကတည်းက စတင်နစ်မြုပ်နေတယ်လို့ ပြောပါတယ်။

“လိုဘာခိုကျေးရွာအုပ်စုမှာ ကျနော်တို့ရဲ့ လယ်ဧက ၁၅၃.၃၄ ဧက၊ သူတို့က စိုက်ပြီးတာက တချို့လည်း တပတ်ရှိပြီး တချို့လည်း ၅ ရက်လောက်ရှိပြီ။ အဲဒီစိုက်ပြီးတဲ့ဟာတွေကို ရေနစ်သွား တာပေါ့။ အခုရေမကျသေးဘူး၊ တောင်ကျရေဆိုတော့ မိုးဆက်ရွာနေတယ်ဆိုတော့ သူက ရှိနေတုန်းပဲ။ လယ်တွေ ဆက်နစ်နေမယ်ဆိုရင်တော့ စပါးတွေပျက်သွားနိုင်တာပေါ့။ စိုက်ထားတာလည်း မကြာတဲ့အတွက်လည်း ပျက်သွားမှာပဲ။”

အလားတူ  ဇွန် ၁၃ ရက် မနက် ၁၁ နာရီအချိန်လောက်က  လိုဘာခို-ခူးပရားကျေးရွာ ချင်းဆက်လမ်းပေါ်ကို အလျား ၁၇၀ ပေ၊ အနံ ၈၀ ပေရှိ မြေသားပြိုကျလို့ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဒီးမော့ဆို ဈေးကုန်းရပ်ကွက်ဘေးရှိ ငွေတောင်ချောင်း ရေကြီးလို့ နေအိမ် ၁၁ အိမ်လောက် ရေဝင်ရောက်ခဲ့ကာ ချောင်းဘေး နေထိုင်တဲ့ အိမ်ထောင်စုနှစ်စုကို ဘေး အန္တရာယ်မဖြစ်အောင် နီးစပ်ရာဆွေမျိုးတွေဆီ ပြောင်းရွေ့ပေးထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013