DVB Logo
Home
မြန်မာသတင်း
အမှန်တရားဘက်က ရပ်တည်ရန် ကုလအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
June 14, 2018
အမှန်တရားဘက်က ရပ်တည်ရန် ကုလအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေနဲ့ နက်နဲရှုပ်ထွေးမှုတွေရဲ့ ပကတိအခြေအနေကို သိရှိနားလည်ပြီး အမှန်တရားဘက်က ရပ်တည်ဖို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာဘာဂီနာကို ဇွန် ၁၃ရက်မနက်က နေပြည်တော်မှာ လက်ခံတွေ့ဆုံပြောကြားခဲ့တာလို့ နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။

“မြေပြင်အခြေအနေနဲ့ နက်နဲရှုပ်ထွေးမှုတွေရဲ့ ပကတိအခြေအနေတွေကို သိရှိနားလည်ပြီး အမှန်တရားဘက်က ရပ်တည်ဖို့၊ အခြေအနေမှန်တွေကို နိုင်ငံတကာ အသိုက်အဝန်းက သိရှိနိုင်စေဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းနဲ့ အထူးကိုယ်စားလှယ်အနေနဲ့  မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေနဲ့ ပေါင်းကူးဆောင်ရွက်ပေးဖို့ မျှော်လင့်ကြောင်း” ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

အထူးကိုယ်စားလှယ် ခရစ္စတင်းရွှာနာဘာဂီနာကလည်း “ရခိုင်ပြည်နယ်ကိစ္စ ဖြေရှင်းရေးမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ အကြား အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ မြန်မာပြည်ကို လာရောက်တာဖြစ်ကြောင်း အသိုက်အဝန်းနှစ်ခု ပိုမိုနီးကပ်လာစေဖို့နဲ့  မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ လာရောက်တာဖြစ်တယ်”လို့ ပြောပါတယ်။

တွေ့ဆုံစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ဟာ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရေးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့နဲ့လည်း သီးခြားတွေ့ဆုံပြီး မြန်မာနဲ့ ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေ  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ မြန်မာခရီးစဉ်အတွင်း မြန်မာအာဏာပိုင်တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ သံတမန်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေ ဆွေးနွေးဖို့ရှိနေပါတယ်။

မြန်မာပြည်ခရီးအပြီးမှာတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။

မစ္စခရစ္စတင်း ရွှာနာဘာဂီနာကို ပြီးခဲ့တဲ့ ဧပြီလကမှ  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်လိုက်တာဖြစ်ပြီး သူဟာ ဂျာမနီ နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံ အမတ်ဟောင်းအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဝါရင့်သံတမန်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013