DVB Logo
Home
Lead Story
စံမင်းရဲ့ ထောင်ဇာတ်လမ်းတွဲ ပန်းချီပြပွဲ
DVB
·
June 13, 2018
စံမင်းရဲ့ ထောင်ဇာတ်လမ်းတွဲ ပန်းချီပြပွဲ
Donate to DVB

ဇွန် ၆ လှုပ်ရှားမှုလို့ခေါ်တဲ့ မ.ဆ.လ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ခဲ့တာ ၄၄ နှစ် ရှိခဲ့ပါပြီ။ အဲဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတွေကတော့ တချိန်က ကျောင်းသားဆိုးလို့ စစ်အစိုးရက ခေါ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပါတယ်။ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေနဲ့အတူ ဆက်တိုက်ဖြစ်ခဲ့တဲ့ အရေးအခင်းတခု ဖြစ်ပါတယ်။

၁၉၇၄ အလုပ်သမား အရေးအခင်း ဖြစ်ခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ၁ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြခဲ့ကြ။ အလုပ်သမားတွေရဲ့ စစ်အစိုးရ ဆန့်ကျင်ရေးကို ထောက်ခံခဲ့ကြ။

သပိတ်မှောက်ကျောင်းသားတွေ ရွှေတိဂုံကုန်းတော်မှာ သပိတ်စခန်းဖွင့်။  အလုပ်သမားတွေနဲ့ အတူရှိကြောင်း ပြသခဲ့။ အဲဒီနောက် ကျောင်းသားတွေဟာ အလုပ်သမားတွေလိုပဲ ထောင်ထဲ ရောက်သွားရပါတော့တယ်။

ဒီနေ့တော့ အဲဒီလှုပ်ရှားမှု အမှတ်တရအဖြစ် ၇၄/ ၇၅/ ၇၆ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံကြမယ့် အခမ်းအနားတခု တောင်ဥက္ကလာ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

သူငယ်ချင်း ကျောင်းသားဆိုးတွေနဲ့ တွေ့ဖို့ အားခဲထားပေမယ့် မသွားနိုင်ခဲ့ပါ။ သူငယ်ချင်းတွေကိုသာ အဝေးက လှမ်းတောင်းပန်စကား ဆိုခဲ့ရ။

အလုပ်လုပ်နေပေမယ့် စိတ်က ဟိုရောက် ဒီရောက်။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်က ကျောင်းသားသပိတ် တိုက်ပွဲတွေဆီ ရောက်လိုက်၊ မ.ဆ.လ ခေတ်က ဘတ်(စ်)ကားတိုးစီး ကျောင်းတက်ခဲ့ရတဲ့ အဖြစ်တွေကို ပြန်သတိရလိုက်၊ အင်းစိန်ထောင်ထဲက ကျောင်းသားသပိတ်တွေဆီ ပြန်ရောက်လိုက်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပန်းချီစံမင်းရဲ့ ၁၅ ကြိမ်မြောက် တကိုယ်တော်ပြပွဲကို တွေ့လိုက်ရ။ ထောင်ထဲက ဇာတ်လမ်းတွဲများတဲ့။

လောကနတ် ပန်းချီပြခန်းမှာ ပြနေတာမို့ ရုံးထမင်းစားချိန်မှာ အပြေးကလေးသွားခဲ့။

ဒီပြပွဲကို ပြသခဲ့တဲ့ ပန်းချီစံမင်းဟာ ၁၉၇၄ ဦးသန့်အရေးခင်းမှာ ပိုစတာရးလို့ ထောင် ၄ နှစ် ကျခံခဲ့ရသူပါ။ သူ့ပန်းချီကားတွေကို နိုင်ငံအတော်များများရဲ့ ပြတိုက်တွေက စုဆောင်းဝယ်ယူလေ့ ရှိကြပါတယ်။ ခုပြပွဲမှာ ပန်းချီကား ၃၃ ကား ပြသထား။ ပန်းချီကား ၆ ကားက ရောင်းထားတယ်။ တန်ဖိုးအမြင့်ဆုံးက ဒေါ်လာ ခုနစ်ထောင်၊ အနည်းဆုံးက ဒေါ်လာ လေးထောင်နဲ့ ရောင်းထားတယ်။

ပြခန်းထဲရောက်တော့ ထောင်ထဲက အရောင်တွေကို ပြန်မြင်ရ။ အနံ့အသက်တွေကို ပြန်ရှူရှိုက်ရ။

၇၆ စင်တီ x ၁၂၂ စင်တီ အရွယ်ရှိ ပန်းချီတချပ်ရဲ့ နာမည်က ‘တိုက်-၄ က အိမ်သာ’ တဲ့။

၈ ပေ x ၆ ပေ တိုက်ခန်းကျဉ်းကလေးထဲမှာ တယောက်သော အကျဉ်းသားက ဂန်ဖလားထဲ မိလ္လာစွန့်နေ၊ တယောက်က အနားမှာ နံရံမှီထိုင်နေပုံ။ စားလည်း ဒီနေရာ၊ အိပ်လည်း ဒီနေရာ၊ အညစ်အကြေးစွန့်လည်း ဒီနေရာ။ ထမင်းစားချိန်နဲ့ အညစ်ကြေးစွန့်ချိန်ကို တချိန်တည်းမဖြစ်အောင် မနည်းလေ့ကျင့်ကြရ။ မစင်စွန့်ပြီး သုတ်သင်စရာ ရေမရှိ၊ စက္ကူမရှိ။ ဘာမှမရှိ။ တခါတရံ ပဲဟင်းနံ့လား၊ ထမင်းသိုးနံ့လား၊ မစင်နံ့လား ဆိုတာ မခွဲခြားနိုင်တော့။ တနေ့ နာရီဝက် လမ်းလျှောက်ခွင့်ဆိုတာ ဝေလာဝေး။ တလမှာ တခါ မရ။ တနှစ်မှာ တခါမရ။ အကြောင်းတခုခုကြောင့် (ဥပမာ သီချင်းဆိုလို့) ထုတ်အရိုက်ခံရင် လမ်းလျှောက်ခွင့်ရတယ်ကွလို့ ကြံဖန်ပြီး ဝမ်းသာခဲ့ကြရ။ နှစ်ပေါင်း ၄၀ ကျော်က အရောင်တွေ အနံ့တွေ။

နောက်ပန်းချီကားက ၈၄ စင်တီ x ၈၄ စင်တီအရွယ် နှစ်ချပ်တွဲ ပန်းချီကား။ တချပ်က သံဆန်ခါနောက်မှာ လည်ပင်းကို သံကွင်းစွပ် ကြိုးတန်းလန်းနဲ့ မျောက်တကောင်၊ ထောင်နံရံကို ကျောမှီလို့၊ စိတ်ပျက်လက်ပျက်။ နောက်တပုံက လူငယ်တယောက် ထောင်ဝတ်စုံနဲ့ နံရံကို ကျောမှီလို့။ ပန်းချီကားနှစ်ခုလုံးရဲ့ နာမည်က ခံစားချက်ချင်း အတူတူတဲ့။

မျောက်ကလေးကတော့ ရိုးမထဲက ဖမ်းလာတာလား မသိရပေမယ့် လူငယ်ကတော့ ကံ့ကော်တောက ဖမ်းလာတဲ့ ကျောင်သားလူငယ်ကလေး ဆိုတာ သေချာပါတယ်။

ထောင်ထဲမှာ နံရံကိုမှီရင်း တွေဝေ ငေးငိုင်ခဲ့ရတဲ့ အချိန်တွေ၊ တခါတခါ ထောင်ဝါဒါက စိတ်ရူးပေါက်ပြီး ရေနဲ့ လာပက်တဲ့အခါ သံတိုင်တွေကို ဒေါသတကြီး ကိုင်လှုပ်မိ။  ထောင်ဝါဒါက ဟားတိုက်ရယ်မော။

ထောင်ကထွက်လာပြီး နှစ်ပေါင်း ၄၀ ကျော်ထိ ဒီခံစားမှုက ကျနော့်ကို လောင်ကျွမ်းနေဆဲ။ တိရစ္ဆာန်ရုံထဲက ယုန်ကလေးတွေ၊ ငှက်ကလေးတွေ၊ မျောက်ကလေးတွေကို ခုထက်ထိ မကြည့်ရဲ။

နောက်ပန်းချီကားတွေကတော့ မနူဟာမင်းနဲ့ မိဖုရား အဖမ်းခံထားပုံ၊ ကိုလိုနီခေတ်မှ ယနေ့ခေတ် ထောင်သားဝတ်စုံနဲ့ ထောင်သားတွေ၊ ထောင်ထဲမှာ အပြုံးမပျက်တဲ့ တိုက်ပွဲဝင် ကျောင်းသူလေးတယောက်။ သံခြေချင်းခတ်၊ တိုက်ပိတ်ခံထားရတဲ့ လူကိုယ် ကျားခေါင်းနဲ့ အကျဉ်းသားတယောက် စတဲ့ စတဲ့ ပန်းချီကားပေါင်း ၃၃ ကား။ ထောင်ဇာတ်လမ်းတွဲတွေ။

ကျနော်ရောက်နေတဲ့ နေရာဟာ ထောင်လား၊ ပန်းချီပြပွဲလား ခွဲရခက်လာပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013