Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
June 13, 2018
  ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy - DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန် တင်ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ အီရတ်စစ်ပွဲ နောက်ခံ The Yellow Birds အမည်ရတဲ့ ဇာတ်ကားပါ။ ဒီကားကိုတော့ ပြင်သစ်ရုပ်ရှင် ဒါရိုက်တာ Alexandre Moors က ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး အမေရိကန် စာရေးဆရာ Kevin Powers ရဲ့ The Yellow Birds စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကို မနှစ်က Sundance Film Festival မှာ ကနဦး ပြသခဲ့ပြီး U.S Dramatic Special Jury Award for Cinematography ဆုကို ရရှိထားတာ ဖြစ်ပါတယ်။ အီရတ်စစ်ပွဲကာလတွင်း အသက် ၂၁ နှစ်နဲ့ ၁၈ နှစ်အရွယ် အမေရိကန် လူငယ် စစ်သား  ၂ ယောက်ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်၊ စစ်ပွဲကာလအတွင်း သူတို့တပ်စုကို တိုက်ခိုက်ခံရချိန်မှာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ၊ ဘာတွေ ဖြစ်ခဲ့သလဲ၊ ကြုံတွေ့ခဲ့ရတဲ့ အဲဒီ အဖြစ်အပျက်ကို အိမ်ပြန်ချိန်မှာ စောင့်မျှော်နေတဲ့ မိခင်ကို ဘယ်လို ရင်ဆိုင် ပြောပြမလဲ ဆိုတာတွေကို စစ်ပွဲနောက်ခံ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် လူငယ်စစ်သား နှစ်ဦးနေရာမှာတော့ သရုပ်ဆောင် မင်းသား Alden Ehrenreich နဲ့ Tye Sheridan တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး စစ်သားဖြစ်သူ သားရဲ့ အိမ်အပြန်ကို စောင့်မျှော်နေတဲ့ မိခင်နေရာမှာတော့ မင်းသမီးကြီး Jennifer Aniston က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ စစ်ပွဲနောက်ခံ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ စကားပြော Dialog တွေ၊ သရုပ်ဆောင်မှုတွေ ပါဝင်တဲ့အတွက် ဒီရုပ်ရှင်ကားကိုတော့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၀ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒုတိယတကား မိတ်ဆက်ပြောပြချင်တာကတော့ ဟောလိဝုဒ်နာမည်ကြီးမင်းသား John Travolta ခေါင်းဆောင်ပါဝင်ထားတဲ့ Gotti အမည်ရတဲ့ American Biographical Crime Drama အမျိုးအစား ရုပ်ရှင်ကားတကားပါ။ ဖြစ်ရပ်မှန် အခြေပြု ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီကားကို ဒါရိုက်တာ Kevin Connolly က ရိုက်ကူးခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့တုန်းက Cannes Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားကတော့ အမေရိကန်သမိုင်းမှာ Gambino Crime Family ဆိုပြီး လူသိများခဲ့တဲ့ Gangster မိသားစုခေါင်းဆောင် အီတလီ-အမေရိကန်ကပြား John Gotti နဲ့ အင်အားအရှိန်အဝါ ကြီးမားခဲ့တဲ့ သူ့မျိုးဆက် မိသားစုဝင်တွေအကြောင်းကို ပုံဖော်ရိုက်ကူးထားခဲ့တာပါ။ Gotti ဆိုရင် ၂၀ ရာစု အမေရိကန်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ နာမည်ကြီး Gangster လို့ သိကြပြီး FBI ကတောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။ John Travolta ကတော့ ဒီကားရဲ့ အဓိကဇာတ်ကောင် John  Gotti အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး ဇနီးဖြစ်သူ Victoria Gotti နေရာမှာတော့ မင်းသမီး Kelly Preston က ပါဝင်ထားခဲ့ကာ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ  ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကားတွေ ပါဝင်တာမို့ ဒီကားကို Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ ဝါရင့်သရုပ်ဆောင်တွေ အများကြီးနဲ့ ရိုက်ကူးထားခဲ့တဲ့ စိန်ယောက်မ ဆိုတဲ့ မြန်မာရုပ်ရှင်ကားပါ။ ဒီကားကိုတော့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တာဖြစ်ပြီး နတ်ရဲ(ရူပဗေဒ)ရဲ့ ဝတ္ထုကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ မောင်ကို အရမ်းချစ်တဲ့ အစ်မ အပျိုကြီး နှစ်ယောက်က မောင်ဖြစ်သူ မိန်းမရသွားမှာကို စိုးရိမ်ပြီးတော့ ချစ်သူမိန်းကလေးကို အမျိုးမျိုး ဖန်တီးပညာပြ နှောင့်ယှက်ပုံ၊ မိန်းမရသွားပြီးတဲ့ နောက်မှာလည်း ယောက်မဖြစ်တဲ့သူကို စိတ်ပျက် စိတ်ကုန်သွားအောင် ဆက်ပြီး နှောင့်ယှက်ကြချိန်မှာ ယောက်မဖြစ်တဲ့သူကလည်း သူတို့ကို ပြန်ပြီးပညာပြကြတာတွေကို ရယ်စရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်ရဲအောင်၊ ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်းတို့နဲ့အတူ မင်းသမီး မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာနဲ့ ခိုင်သင်းကြည်တို့က အတွဲညီညီ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တာကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်းတကား ဖြစ်မှာပါ။ Incredibles 2 ဖြစ်ပါတယ်။ ဒီကားကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Incredibles ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲအဖြစ် ၁၄ နှစ်ကြာမှ ထွက်လာခဲ့တဲ့ ဇာတ်ကားတကားဖြစ်ပြီး 3D Computer- Animated Superhero Film အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။ Walt Disney Picture က ထုတ်လုပ်လိုက်တဲ့ ဒီကားကိုတော့ အရင်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Brad Bird ကပဲ ဇာတ်ညွှန်းခွဲ ရိုက်ကူးထားခဲ့တာဖြစ်ပြီး သရုပ်ဆောင်ဟောင်းတွေ အားလုံးနီးပါး ဒီကားထဲမှာ ပြန်လည်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ Family Adventure အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကားထဲမှာ ခန္ဓာကိုယ်ကို လိုအပ်သလို ပုံသဏ္ဌာန်အမျိုးမျိုး ကျုံ့နိုင် ချဲ့နိုင်တဲ့ Elastigirl နေရာမှာ မင်းသမီး Holly Hunter က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး စူပါစွမ်းအင်တွေ ပိုင်ဆိုင်တဲ့ Mr. Incredible နေရာမှာတော့ မင်းသားကြီး Craig T. Nelson က အသံနဲ့ သရုပ်ဆောင်ပေးထားပါတယ်။ ပထမကားမှာကတည်းက လူကြိုက်များခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဇာတ်ကောင်တွေကို ဘယ်လိုစွမ်းအားတွေနဲ့ ထပ်ပြီး ကြည့်ရှုကြရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီရုပ်ရှင်ကားဟာ ၂၀၁၈ ခုနှစ်အတွက် ပရိသတ် အမျှော်လင့်ဆုံး မိသားစုရုပ်ရှင်ကားအဖြစ်လည်း မဲပေး ရွေးချယ်ခံထားရပါသေးတယ်။ ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ Romantic Comedy အမျိုးအစား ရုပ်ရှင်ကား Set It Up ဖြစ်ပါတယ်။ ဒီကားကိုတော့ အမျိုးသမီး ဒါရိုက်တာ Claire Scanlon က ရိုက်ကူးထားတာ ဖြစ်ပြီး အချစ်နဲ့ ဟာသဒရာမာပုံစံ လေးပွင့်ဆိုင်ဇာတ်လမ်းတခုအနေနဲ့ ရိုက်ကူးထားခဲ့တာပါ။ ဇာတ်လမ်းကတော့ ဒေါသတကြီးနဲ့ ဆက်ဆံရခက်တဲ့ အလုပ်ရှင် Boss နှစ်ယောက်နဲ့ သူတို့ဆီမှာ လုပ်ခလစာငွေနည်းနည်းနဲ့ ဖိအားများတဲ့ အလုပ်တွေ လုပ်နေကြရတဲ့ လက်ထောက် နှစ်ယောက် အကြောင်းပါ။ နောက်ပိုင်းမှာတော့ လက်ထောက် နှစ်ယောက်က ဆိုးဝါးလွန်းတဲ့ သူတို့ရဲ့ Boss နှစ်ယောက်ကို အဆင်ပြေစေဖို့ Date ပေးဖို့ ကြိုးစားကြချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Zoey Deuth, Glen Powell, Taye Diggs နဲ့ Lucy Liu တို့က အတွဲညီညီ ပါဝင်ထားခဲ့ကြတာပါ။ ကြာမြင့်ချိန် ၁၀၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

Movie Crazy - DVB  အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇း၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy - DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024