
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ဒုတိယပတ်မှာ ကျင်းပဖို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ဖွဲ့က အစိုးရထံ စာပို့ အကြောင်းကြားလိုက်ပါတယ်။
ဇွန် ၁၂ ရက် ရက်စွဲနဲ့ အစိုးရဆီ စာပေးပို့ပြီး အဆိုပြုတင်ပြလိုက်တာဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် ဦးမျိုးဝင်းက ပြောပါတယ်။
“အဓိကကတော့ ညီလာခံကျင်းပမယ့်ရက်ရယ် ညီလာခံမတိုင်ခင်မှာ ဆောင်ရွက်ရမယ့် ကိစ္စတွေပေါ့။ ပြီးတော့ UPDJC ကျင်းပဖို့ အဲ့ဒီအချက်တွေ အဆိုပြုထားတာပေါ့။”
အစိုးရဘက်က ဇွန်လကုန်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ အဆိုပြုထား တာကြောင့် ဒီကြားထဲမှာ အစိုးရနဲ့အပစ်ရပ်တပ်ဖွဲ့တို့ကြား ညှိနှိုင်းဆွေးနွေးကြရဦးမယ်လို့လည်း ဦးမျိုးဝင်းက ပြောပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇွန် ၁၁ ရက်က ကျင်းပခဲ့ပြီးနောက် ခုကမ်းလှမ်းချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ခုနှစ် မေလက ကျင်းပခဲ့ပြီး တနှစ်ကျော်လာချိန်အထိ တတိယအစည်းအဝေး မကျင်းပနိုင်ဘဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။











