မော်လမြိုင်တက္ကသိုလ် လုံခြုံရေးဝန်ထမ်းကို ဓားထိုးလုယက်ခဲ့သည့် ကျောင်းသားကို ဖမ်းမိ

မော်လမြိုင်တက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျောင်းလုံခြုံရေးဝန်ထမ်းကို ဓားနဲ့ထိုးကာ ဆိုင်ကယ်လုယူ ထွက်ပြေးခဲ့တဲ့ ကျောင်းသားတဦးကို ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ မုပွန်နယ်မြေရဲစခန်းက သိရပါတယ်။
မော်လမြိုင်တက္ကသိုလ်မှာ ပထမနှစ်ကို တက်ရောက်ပြီး ကျောင်းနားထားတဲ့ ကျောင်းသားဟောင်းတဦးက ဇွန် ၇ ရက် မနက် ၅ နာရီက မော်လမြိုင်တက္ကသိုလ် သမိန်ဗရမ်းအဆောင်လုံခြုံရေးဝန်ထမ်း ဦးစိုးမြင့်လှိုင်ရဲ့မျက်နှာကို စပရေးဗူးနဲ့ဖြန်းကာ နောက်ကျောကို ဓားထိုးပြီး ဆိုင်ကယ်လုယူ ထွက်ပြေးခဲ့တဲ့အမှုဖြစ်ပါတယ်။
ဒီအမှုအတွက် မုပွန်ရဲစခန်းနဲ့ ဘီးလင်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖမ်းဆီးခဲ့ တာကြောင့် ဘီးလင်းမြို့မှာ ဖမ်းမိခဲ့တယ်လို့ မုပွန်နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇေယျာသိန်းက ပြောပါတယ်။
“ဓားထိုးခံရတဲ့သူကတော့ ဆေးရုံကနေဆင်းပါပြီ။ ဓားဒဏ်ရာကြောင့် လှုပ်လှုပ်ရှားရှား တော့ မရသေးဘူးပေါ့။ တရားခံက ပထမနှစ်နဲ့ ကျောင်းနားထားပြီးတော့ ဆက်မတက်တော့ ဘူး။ မုပွန်ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။”
ဇော်မင်းမြင့် (ခ) ဇော်မြင့် ကို သက်သေခံဆိုင်ကယ်၊ ၆ လက်မအရွယ် ဓားအရှည်နဲ့အတူ ရာဇသတ်ကြီးပုဒ်မ ၃၉၄ လုယက်မှုနဲ့ မုပွန်နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
မွန်ပြည်နယ်မှာ ဆိုင်ကယ်တွေ မကြာခဏပျောက်ဆုံးလေ့ရှိပြီး မော်လမြိုင်နည်းပညာ တက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ်အနားမှာလည်း မကြာခဏ ဆိုင်ကယ်ခိုးမှု ဖြစ်ပွားလေ့ရှိပါတယ်။
ဒါ့အပြင် ပြည်နယ်ဝန်ကြီးအိမ်ရာ အနီးတ၀ိုက်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေအထဲထိပါ ၀င်ရောက်ခိုးယူမှုတွေ ရှိခဲ့ပါတယ်။
သတင်း - အာကာမင်း











