
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ထဲမှာရှိတဲ့ သရက်-ကံမ-ပြည် ကားလမ်းပေါ်ရှိ ရေနံသာချောင်းတံတားဟာ ဇွန်လ ၁၁ ရက်မနက်က ချောင်းရေ ရုတ်တရက် အတက်ကြမ်းလာပြီး တံတားရေထဲမျောပါ သွားပါတယ်။
တံတားအနီးနေထိုင်တဲ့ ဒေသခံ ကိုနိုင်က “ည ၉ နာရီလောက်အထိ တံတား ကြမ်းခင်းအနားကို ကပ်လာပြီးရေက တဝေါဝေါနဲ့ အတက်ကအရမ်းကြမ်းနေတာ နောက်တနာရီ လောက်မှာပဲ တံတားကိုထိပြီး တဖြည်းဖြည်းရေက ကျော်ချင်လာပြီ အဲဒီမှာ သရက်ကနေ ရန်ကုန်မြို့ကိုထွက်တဲ့ Express နှစ်စီးလည်းပြီးရော ဘယ်ကားမှ အဖြတ်မခံ တော့ဘူး။ ဆိုင်ကယ်တွေတောင် အဖြတ်မခံတော့ပဲ တံတားကို ပိတ်လိုက်တော့တာ အဲဒီ အချိန်မှာ ည ၁၁ နာရီ ခွဲနေပြီ။ နောက် ၃ နာရီကျော် လောက်မှာပဲ တအိအိနဲ့ ရေထဲပါသွားတော့တာပဲ”လို့ ပြောပါတယ်။
ကံမမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က “ဒီလိုရေတက်တာ မျိုးက တခါမှမဖြစ်ဖူးဘူး။ တံတားကိုရေထိတယ်ဆိုတောင် မဖြစ်ဖူးဘူး။ အခုက တောင်ကျရေက တော်တော်လေးဆိုးတာ ဒီအထပ်မှာလဲ ပနီချောင်းနဲ့ မင်းတုန်းချောင်း ပေါင်းပြီး ဒီချောင်းကြီးဖြစ်လာတာ ဆိုတော့ ရေက တဟုန်ထိုးဆင်းတာ။ အခုတော့ ရေနံသာကို လာတက်တဲ့ ကျောင်းသားတွေအတွက် ဘယ်လိုစီစဉ်ပေးရမလဲ မသိတော့ဘူး။ နောက်ပြီး ယာယီ တံတားထိုးဖို့လည်း မလွယ်ကူဘူး။ အခု မနက်ဖြန် မကွေးတိုင်းအစိုးရအဖွဲ့ကို သွားရောက် တင်ပြပြီး ဝန်ကြီးချုပ် လမ်းညွှန်မှုကိုသွားယူရမယ်”လို့ ရှင်းပြပါတယ်။
ဒီတံတားကြီးကို ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အရှည်ပေ ၇၀၀ ကျော်ရှိပါတယ်။ ဗေလီ သံဘောင်တံတားဖြစ်ပြီး ကြမ်းခင်းက သစ်နဲ့ အဲဒီအပေါ်က ကတ္တရာခင်းထားကာ တံတားမှာရေလယ်တိုင် ၁၃ တိုင်နဲ့ တည်ဆောက်ထားပါတယ်။
တံတားအောက်ကချောင်းက မင်တုန်းချောင်းဖြစ်ပြီး ရခိုင်ရိုးမပေါ်ကနေ စတင်စီးဆင်းကာ ရေနံသာမြို့အလွန်မှာ ဧရာဝတီမြစ်ထဲကို စီးဝင်ပါတယ်။











