အမေရိကန်က အီရန်ပစ်မှတ် ၈၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေက အမေရိကန်စစ်စခန်းတွေကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင် ၇ ရက် နှောင်းပိုင်းက ဘန်ဒါအဘတ်စ်နဲ့ ဆီရစ်ဒေသတွေမှာရှိတဲ့ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ပိုင် လှေငယ် ၆၀ အပါအဝင် ပစ်မှတ် ၈၀ ကျော်ကို အမေရိကန်က တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် ဇူလိုင် ၈ ရက် မနက်ပိုင်းမှာတော့ ဘာရိန်းနိုင်ငံ၊ ဆယ်လ်မန်ဆိပ်ကမ်းနဲ့ ကူဝိတ်နိုင်ငံ၊ အလီ အယ်လ်ဆလမ် လေတပ်စခန်းက အမေရိကန်စစ်ဘက်ဆိုင်ရာပစ်မှတ် ၈၅ ခုကို အီရန်စစ်တပ်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘော ၃ စင်းတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
အီရန်ဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့လို့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ လုံးဝလိုအပ်တယ်လို့ NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက တူရကီနိုင်ငံ အန်ကာရာမြို့မှာ ဇူလိုင် ၇ ရက်က စတင်ကျင်းပနေတဲ့ NATO ထိပ်သီးဆွေးနွေးပွဲမှာ ပြောပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ် ကတော့ အမေရိကန်ဟာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ရေလက်ကြားနဲ့ပတ်သက်တဲ့ အီရန်ရဲ့ စီမံခန့်ခွဲမှုတွေကို အမေရိကန်က ချိုးဖောက်နေသလို အနိုင်ကျင့် ဗိုလ်ကျတဲ့ခေတ် ကုန်ဆုံးသွားပြီလို့လည်း ဂါလီဘတ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြားဟာ ဒီပဋိပက္ခမှာ အဓိက အရေးပါတဲ့နေရာ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်ကမှ ဝါရှင်တန်နဲ့ တီဟီရန်တို့ကြား အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။










