မူလညှိနှိုင်းမှုတွေ ပျက်ပြားပြီးတော့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပေမဲ့ စစ်ပွဲအဆုံးသတ်ရေး အီရန်နဲ့ ဆွေးနွေးပွဲတွေ ဒီတပတ်ထဲမှာ ပြန်စနိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
နယူးယောက်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ သတင်းထောက်ကို ထရမ့်ပ်က “မင်းတို့ (အစ္စလာမာဘတ်)မှာ ဆက်နေသင့်တယ်၊ တကယ်ပြောတာ။ လာမဲ့ ၂ ရက်အတွင်းမှာ တခုခု အဲဒီမှာ ဖြစ်ဖို့ရှိနိုင်တယ်”လို့ ပြောကြားခဲ့ပါတယ်။
ပိတ်ဆို့မှုစတင်တဲ့ ပထမ ၂၄ နာရီမှာ ဘယ်သင်္ဘောမှ ဖြတ်မသွားဘူးလို့ အမေရိကန်စစ်တပ်က ပြောပေမဲ့ ဧပြီ ၁၄ ရက်မှာ တရုတ် ရေနံတင် သင်္ဘောတချို့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သွားတယ်လို့ သင်္ဘောခြေရာခံမှတ်တမ်းတွေက ဆိုပါတယ်။
ပိတ်ဆို့မှုစကတည်းက Rich Starry တရုတ်သင်္ဘောဟာ ရေလက်ကြားကို ဖြတ်သန်းပြီး ပင်လယ်ကွေ့ကနေ ထွက်မဲ့ ပထမဆုံးသင်္ဘောဖြစ်လာမှာ ဖြစ်ပြီး ရေလက်ကြားကို ဖြတ်သန်းပြီးတဲ့နောက် အိုမန်ပင်လယ်ကွေ့ဆီ ဦးတည်နေပါတယ်။
ရေနံတင်သင်္ဘောနဲ့ ပိုင်ရှင် ရှန်ဟိုင်း ရွှမ်းရန် သင်္ဘောကုမ္ပဏီတို့ကို အီရန်နဲ့ ဆက်ဆံမှုကြောင့် အမေရိကန်က ပိတ်ဆို့ထားတာပါ။ တရုတ်ပိုင် ရေနံတင်သင်္ဘောပေါ်မှာ တရုတ်သင်္ဘောသားတွေ ပါတယ်လို့လည်း အချက်အလက်တွေက ပြထားပါတယ်။
Rich Starry သင်္ဘောဟာ မက်သနော စည်ပေါင်း ၂ သိန်းခွဲလောက်ကို တင်ဆောင်ထားတဲ့ အလတ်စားရေနံတင်သင်္ဘောတစင်းဖြစ်ပြီး ဒီသင်္ဘောဟာ နောက်ဆုံးအနေနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ ဟမ်ရီယာ ဆိပ်ကမ်းမှာ ကုန်တင်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ အန္တရာယ်ရှိပြီး တာဝန်မဲ့တဲ့ လုပ်ရပ် ဖြစ်တယ်လို့ တရုတ်နိုင်ငံက ဧပြီ ၁၄ ရက်မှာ ဝေဖန်လိုက်ပါတယ်။ ဒီတင်းမာမှုတွေကြောင့် ဧပြီ ၂၂ ရက်မှာ ကုန်ဆုံးမဲ့ သီတင်း ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် သံသယတွေ ထွက်ပေါ်နေပါတယ်။
အစ္စလာမာဘတ်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့ အီရန်တို့ဟာ နျူကလီးယားအစီအစဉ် ရပ်ဆိုင်းရေးအတွက် အဓိက သဘောထားကွဲလွဲခဲ့ကြတာပါ။
နျူကလီးယားအစီအစဉ်ကို အနှစ် ၂၀ ရပ်ဆိုင်းထားဖို့ အမေရိကန်က အဆိုပြုခဲ့ပေမဲ့ ၃ နှစ်ကနေ ၅ နှစ်အထိပဲ ရပ်ဆိုင်းဖို့ အီရန်ဘက်က တုံ့ပြန်အဆိုပြုခဲ့ပါတယ်။ သံတမန်ရေးနည်းလမ်းတွေ ဆက်လုပ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဧပြီ ၁၄ ရက်မှာ ရေနံစိမ်းတစည် စျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁၀၀ အောက်ကို ကျသွားပါတယ်။
ဒါပေမဲ့ ပဋိပက္ခတွေ ပိုဆိုးလာရင် ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်သွားနိုင်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ နယ်စပ်ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ဧပြီ ၁၄ ရက်က ဝါရှင်တန်မြို့မှာ ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲက ရလာမဲ့ ဘယ်သဘောတူညီချက်ကိုမှ လိုက်နာမှာမဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။
Source: Reuters










