DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ အကြောက်တရား ပိုနည်းသွားဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
June 12, 2018
မြန်မာပြည်သူများ အကြောက်တရား ပိုနည်းသွားဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

 

မြန်မာပြည်သူတွေအနေနဲ့ အကြောက်တရားတွေ ပိုနည်းသွားပြီး  အတိတ်ကာလနဲ့ နှိုင်းယှဉ်ရင် အစိုးရကို အရင်ကထက် ပိုမို ပွင့်ပွင့်လင်းလင်း ဝေဖန်လာကြနိုင်ကြပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့သစ် တာဝန်ယူခဲ့ပြီးတဲ့နောက် နှစ်နှစ်အကြာမှာ တိုးတက်အောင်မြင်မှု၊ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံက NHK သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ထည့်သွင်းပြောသွားတာပါ။

“ကျမတို့ရဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲမတိုင်မီ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကြောက်တရားတွေ ပိုနည်းသွားတယ်။ ပြည်သူတွေအနေနဲ့ အတိတ်ကာလနဲ့ နှိုင်းယှဉ်ရင် သူတို့ရဲ့အစိုးရအဖွဲ့ကိုရော အစိုးရနဲ့ ပတ်သက်နေသူတွေကိုပါ ယခင်ကထက် ပိုပြီးပွင့်ပွင့်လင်းလင်း ဝေဖန်လာကြနိုင်တယ်ဆိုတာသတိပြုမိလိမ့်မယ်လို့ ကျမ ထင်မြင်မိတယ်။ ဒီမိုကရေစီ လွတ်လပ်ခွင့် တိုးတက်လာခဲ့ပြီ ဆိုတာကို ဒီအချက်က ဖော်ညွှန်းနေတာပါ။ ဒါပေမယ့် လွတ်လပ်မှုဆိုတာ တာဝန်ယူမှုနဲ့ ဒွန်တွဲနေတယ်ဆိုတာကို ကျမတို့အားလုံး သိရှိနားလည်ကြရပါလိမ့်မယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ ပြည်သူတွေရဲ့ တာဝန်ယူမှုတွေ ဘယ်လောက် အတိုင်းအတာအထိ တိုးတက်လာပြီ ဆိုတာကို ကျမတို့ အသေအချာ သိအောင်လုပ်ဖို့ လိုပါသေးတယ်။”

မြန်မာနိုင်ငံဟာ ပညာရေးနိမ့်ကျမှုကို ခံစားနေကြရဆဲဖြစ်တယ်၊ လမ်းပန်းဆက်သွယ်ရေးမှာလည်း သာမန်လမ်းမျိုးတွေတောင် မတည်ဆောက်နိုင် လာက်အောင် နိမ့်ကျနေခဲ့ပြီး ဒီမိုကရေစီလည်း အပြည့်အ၀မရသေးဘူးလို့လည်း ပြောပါတယ်။

“ကျမတို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံတော် မဟုတ်သေးပါဘူး။ လွှတ်တော်ကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီ ၇၅ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတာ ထင်ရှားစွာ မြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ် ဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကိုပဲ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခဲ့လို့ပါပဲ။ ကျမတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဘူးလေးရာ ဖရုံဆင့် ဆိုတာမျိုးလို့ပဲ ပြောပါရစေ။ ရှင် ပြောခဲ့တဲ့အတိုင်း၊ ကျမ ရှင်းပြခဲ့သလို ကျမတို့ရဲ့နိုင်ငံဟာ တင်းပြည့်ဒီ မိုကရေစီလူ့ဘောင် မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီ အပြည့်အဝ မဆန်သေးတာကြောင့်ပါ။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လမ်းပြမြေပုံတရပ်ရှိပြီး ပြည်သူကိုတော့ ချမပြသေးဘူး၊  ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းကတဆင့် တရားဥပဒေ မူဘောင်အတွင်းကနေ ပြင်ဆင်ချက်လုပ်မယ်၊ ဒီမိုကရေစီယန္တရား လည်ပတ်ရေးအတွက် ခိုင်မာတောင့်တင်းတဲ့ အခြေခံမူတွေ ချမှတ်နိုင်ဖို့ လိုလားတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ခံ အစိုးရအဖွဲ့ဟာ စစ်ဆင်ရေးလုပ်ငန်းတွေ လုပ်ဖို့ ညွှန်ကြားခွင့်မရှိဘူး၊ တင်းပြည့် ဒီမိုကရေစီ အစိုးရအဖွဲ့တရပ် ကျင့်သုံးနိုင်တဲ့ အလုံးစုံထိန်းချုပ်မှုမျိုး အစိုးရမှာ မရှိဘူးလို့လည်းပြောပါတယ်။

အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်တာမှာ တိုင်းပြည် စီးပွားရေးထက် နိုင်ငံရေး လိုအပ်ချက်တွေအပေါ် ပိုမိုအာရုံစိုက်ခဲ့တယ်၊ စီးပွားရေးအရ အကျိုးအမြတ်ထက် နိုင်ငံရေး လိုအပ်ချက်နဲ့အညီ မြန်မာပြည် ဒေသတွေမှာ လမ်းတွေဖောက်၊ လျှပ်စစ်ဓာတ်အား ဖြန့်ချိတာကို ဦးစားပေးလုပ်ခဲ့တယ်၊ ယခုအခါမှာ စီးပွားရေးအရ အကျိုးကျေးဇူး ပိုမိုရရှိနိုင်တဲ့ ကဏ္ဍတွေကို အာရုံစိုက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013