DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းသမား ၂ ဦး ရခိုင်အရေးသတင်းယူမှုကြောင့် ဖမ်းဆီးခံရခြင်းမဟုတ်ဟုဆို
DVB
·
June 12, 2018
ရိုက်တာသတင်းသမား ၂ ဦး ရခိုင်အရေးသတင်းယူမှုကြောင့် ဖမ်းဆီးခံရခြင်းမဟုတ်ဟုဆို
Donate to DVB

 

ရိုက်တာသတင်းထောက် နှစ်ယောက်ဟာ ရခိုင်အရေး သတင်းယူမှုအတွက် ဖမ်းဆီးခံရတာမဟုတ်ဘဲ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် အဖမ်းခံခဲ့ကြရတာလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ်အရေး သတင်းရယူနေတုန်း ရိုက်တာသတင်းထောက်နှစ်ဦး အဖမ်းခံခဲ့ကြရပြီး လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ကန့်သတ်ပိတ်ပင်တယ်ဆိုပြီး မြန်မာနိုင်ငံကို ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ NHK ဂျပန်သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတာပါ။

“ရခိုင်အရေး သတင်းယူမှုအတွက် သူတို့ အဖမ်းခံခဲ့ကြရတာ မဟုတ်ပါဘူး။ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေကို သူတို့ ချိုးဖောက်ခဲ့တာကြောင့် အဖမ်းခံခဲ့ကြရတာပါ။ ဘယ်သူမဆို တရားရုံးတော်ရဲ့ ကြားနာစစ်ဆေးမှုတွေကို လွတ်လပ်စွာ ရယူနိုင်တယ်ဆိုတာ ရှင် သိလိမ့်မယ်လို့ ကျမ ထင်တယ်။ ဒါတွေအားလုံးဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သွားနေတာပါ။”

သတင်းသမားတွေ အပြစ်ရှိတယ်၊ မရှိဘူး ဆိုတာကို လောလောဆယ် မပြောနိုင်သေးဘဲ တရားစီရင်ရေးအပိုင်းကပဲ ဆုံးဖြတ်ရမှာဖြစ်ပြီး ရခိုင်အရေး သတင်းရရှိဖို့ လုပ်ဆောင်နေ တာကြောင့် သူတို့ အဖမ်းခံရတာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

ဒါ့ပြင် ဒီအမှုမှာ တခြားကိစ္စတွေလည်း ပါဝင်ပတ်သက်နေတယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

“အခြားကိစ္စတွေလည်း ပါပါတယ်။ တရားရုံးတော်ရဲ့ ကြားနာစစ်ဆေးမှုတွေအတိုင်း ရှင် စောင့်ကြည့်ခဲ့မယ်ဆိုရင် ကျမ ထင်တယ်။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေချိုးဖောက်မှုနဲ့ ပတ်သက်နေတဲ့ တခြားကိစ္စရပ်တွေနဲ့ ပတ်သက်နေတယ် ဆိုတာကို ရှင် နားလည်ပါလိမ့်မယ်။” ကျမ ပြောခဲ့တဲ့အတိုင်း လုပ်ထုံးလုပ်နည်းနဲ့အညီ သွားနေပြီး မည်သူမဆို တရားရုံးတော်ရဲ့ ကြားနာစစ်ဆေးမှုတွေကို လွတ်လပ်စွာ ရယူနိုင်မှာ ဖြစ်လို့ တရားမျှတမှု ရှိ၊ မရှိ၊ တရားဥပဒေစိုးမိုးရေးနဲ့ ညီ၊ မညီ စောင့်ကြည့်ရပါလိမ့်မယ်။”

ရိုက်တာ သတင်းဌာနရဲ့  မြန်မာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာသုသာင်္န်မှာ မွတ်စလင်အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းယူဖို့ ကြိုးစားစဉ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ရက် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲခံနေရပါတယ်။

ထောင်ဒဏ် ၁၄ နှစ်အထိပြစ်ဒဏ် ချမှတ်ခံရနိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက်တွေကို ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

တရားလိုပြသက်သေအဖြစ်စစ်ဆေးမယ့် စီအိုင်ဒီကရဲမှူး တင်ဝင်းမောင်ဟာ ခရီးလွန်နေတဲ့အတွက် ရောက်မလာနိုင်လို့ အမှုမစစ်ရဘဲ နောက်တစ်ပတ် ဇွန် ၁၈ရက်နေ့ ရုံးချိန်းကျမှ စီအိုင်ဒီ ရဲမှူး တင်ဝင်းမောင်ကိုစစ်ဖို့ ပြန် ချိန်းဆိုလိုက်ပါတယ်။

သတင်းထောက်ကိုဝလုံးကတော့ “အမှုကို မကြာ ကြာအောင် လုပ်နေတယ်၊ ၆ လဆိုတဲ့ အတိုင်းတာဟာ ဖမ်းဆီးခံထားရတဲ့သူတို့အတွက် အရမ်းကြာနေပြီ”လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက်တွေဟာ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်က စတင်ဖမ်းဆီးခံခဲ့ရတဲ့အတွက် အခု ဇွန်လ ၁၂ ရက်နေ့ ရုံးထုတ်နေ့ဟာ ဖမ်းဆီးခံထားရတဲ့ ၆ လပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

အင်းဒင်ရဲစခန်းက ဒုရဲမှူးမိုးရန်​နိုင်​ကတော့ ရိုက်တာသတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ဖမ်းခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013