DVB Logo
Home
Lead Story
လွှတ်တော်ထဲက ကြမ်းတမ်းတဲ့ကား
DVB
·
June 11, 2018
လွှတ်တော်ထဲက ကြမ်းတမ်းတဲ့ကား
Donate to DVB

"ကြမ်းတမ်းသော ကိုယ်နှုတ်အမူအရာများကို ရှောင်ရှားကြရန် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး၊ ကျပ်သိန်း ၈၅၀ တန်ကားများကို တိုင်းအစိုးရအဖွဲ့ဝင်များ အန္တရာယ်ကင်းစွာစီးနိုင်ရေး ဝယ်ရန်ဖြစ်ဟု တိုင်းဝန်ကြီးပြော၊ ယင်းကားများ ဝယ်ယူမည့်ကိစ္စ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ကန့်ကွက်၊ မဲခွဲပေးရလျှင် သိက္ခာကျဆင်းနိုင်၊ ဝန်ကြီးချုပ်ထံ တင်ပြမည်ဟု ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌပြော "။

ဇွန်လ ၅ ရက်ထုတ် ပုဂ္ဂလိက သတင်းစာတွေမှာ ဖော်ပြပါရှိလာတဲ့ လွှတ်တော်ဆိုင်ရာသတင်းတွေ ဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌ သတိပေးဆိုတဲ့ သတင်းက ပြည်သူ့လွှတ်တော်ကထွက်တဲ့ သတင်းဖြစ်ပြီး ကျပ်သိန်း ၈၅၀ တန်ကားကိစ္စက ရန်ကုန်တိုင်းလွှတ်တော်ကထွက်တဲ့ သတင်းဖြစ်တယ်။ သတင်းနှစ်ခု ဖြစ်ပေါ်လာတဲ့ အကြောင်းချင်းရာတွေကို ကြည့်ရင် စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပြီး ဒီသတင်းနှစ်ခုအကြောင်း သုံးသပ်ကြည့်ပါမယ်။ ကြမ်းတမ်းသော ကိုယ်နှုတ်အမူအရာကိစ္စက ကြည့်တော့ သာမန်သာ ထင်ရပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဆိုသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ဆက်စပ်နေတယ်။ ဇွန်လ ၄ ရက် ပြည်သူ့လွှတ်တော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေ့က မေးခွန်းမေးတဲ့ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ ပတ်သက်နေပါတယ်။

တဦးက စစ်ကိုင်းတိုင်း၊ မင်းကင်းကိုယ်စားလှယ်ဖြစ်ပြီး သူက လျှပ်စစ်ကိစ္စ တင်ဒါခေါ်တာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး လွှတ်တော်ထဲ မေးခွန်းထုတ်တယ်။ ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ဖြေကြားပြီးတာကို မကျေနပ်သေးဘဲ ဆက်စပ်မေးခွန်း ထပ်မေးရင်းနဲ့ ကိုယ်စားလှယ်က လက်ထဲကစာရွက်ကို တဖျန်းဖျန်းပုတ်ပြီး ဒေါသတကြီး ပြောတယ်။ အဲဒီနေ့ ပြည်သူ့လွှတ်တော်မှာပဲ နောက်ကိုယ်စားလှယ်တဦးက ဆက်စပ်မေးခွန်းထုတ်ရင်း လွှတ်တော်ထဲ လာဖြေတဲ့ ဒုဝန်ကြီးလုပ်သူကို ရမ်းဖြေတယ်လို့ ပြောသွားပြန်တယ်။ ကိုယ်စားလှယ် ၂ ဦးရဲ့ မေးခွန်းတွေနဲ့ ဆိုင်ရာဌာနတွေရဲ့ ဖြေဆိုမှုအပြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြမ်းတမ်းသော ကိုယ်နှုတ်အမူအရာများကို ရှောင်ရှားကြဖို့ မေးခွန်းမေးတဲ့ ကိုယ်စားလှယ်တွေကို သတိပေးလိုက်တယ်။ ပြည်သူ့လွှတ်တော် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ နေ့အလိုက်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို ဗွီဒီယိုဖိုင်နဲ့ တင်ပေးထားလို့ အဲ့ဒီ ဇွန် ၄ ရက် ပြည်သူ့လွှတ်တော်ကို ပြန်ကြည့်ကြည့်လိုက်တော့ လွှတ်တော်ဥက္ကဋ္ဌ သတိပေးတာ မလွန်ဘူးလို့ သိလိုက်ရတယ်။ လွှတ်တော်ကျင်းပပြုလုပ်ပုံတွေကို တီဗွီက တိုက်ရိုက်ထုတ်လွှင့်နေတာမို့ လွှတ်တော်ထဲ ပြောဆိုနေတာတွေကို ပြည်သူလူထုက တိုက်ရိုက်ကြည့်ခွင့်ရပြီး ဘယ်ကိုယ်စားလှယ်က ဘယ်လိုလူမျိုးလဲ ဆိုတာ ခန့်မှန်းသုံးသပ်ကြည့်လို့ ရနေတယ်။ ကိုယ်စားလှယ်တွေ လူထုရှေ့မှောက်မှာ ဆင်ဆင်ခြင်ခြင် ပြောဆိုလုပ်ကိုင်ကြဖို့ လိုတယ်။ ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်တရပ်မှာလည်း အလားတူ ဥက္ကဋ္ဌက ကိုယ်စားလှယ်တွေ လူကြီးလူကောင်းဆန်ဆန် ပြုမူပြောဆိုကြဖို့ သတိပေးဖူးတယ်။

ရန်ကုန်တိုင်းလွှတ်တော်ထဲက သိန်း ၈၅၀ တန် ကားကိစ္စကတော့ လူပြောသူပြော တော်တော်များသွားပြီး ကားဝယ်မယ့် တိုင်းအစိုးရကို လွယ်လွယ် ဝေဖန်ကြသူတွေလည်း များတယ်။ တိုင်းအစိုးရမှာ ကား ၁၂ စီး ရှိပေမယ့် ၃ စီးပဲ သုံးလို့ရတဲ့အတွက် တိုင်းဝန်ကြီးတွေ အန္တရာယ်ကင်းကင်း သွားလာနိုင်ဖို့နဲ့ နိုင်ငံတကာက ဧည့်သည်တွေ ရန်ကုန်လာရင် စီးဖို့ ကားဝယ်မှာဖြစ်တယ်လို့ တိုင်းအစိုးရဘက်က ပြောတယ်။ တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌက တိုင်းအစိုးရ ကားဝယ်မယ့်ကိစ္စကို မလိုအပ်ဘူးဆိုပြီး ကန့်ကွက်တယ်။ နောက်ဆုံးမှာ တိုင်းလွှတ်တော်ဥက္ကဋ္ဌက ကားဝယ်မယ့်ကိစ္စမှာ မဲခွဲပေးရလျှင် သိက္ခာကျဆင်းနိုင်တယ်ဆိုပြီး ဝန်ကြီးချုပ်ထံ တင်ပြမယ် လုပ်လိုက်တယ်။ တိုင်းအစိုးရ ကားဝယ်မယ့်ကိစ္စက ဒီပုံအတိုင်းဆို သမ္မတအဆင့်လောက်ထိ ရောက်ပြီးမှ ပြီးပြတ်မယ့်ပုံရှိတယ်။ ကားဝယ်ချင်တဲ့ တိုင်းအစိုးရဘက်ကကြည့်ရင် လိုအပ်ချက်အရ ဝယ်သင့်တယ်။ ရန်ကုန်ဆိုတာက နိုင်ငံတကာဧည့်သည်တွေ ဝင်ထွက်သွားလာနေတဲ့ မြို့တခုဖြစ်တာတကြောင်း၊ မြို့တွင်းယာဉ်ကျောကြပ်တဲ့ပြဿနာ ရှိနေတာတကြောင်းတို့ကို ထောက်ရှုကြည့်ရင်လည်း တိုင်းအစိုးရ ကားဝယ်မယ့်ကိစ္စက ဖြစ်သင့်တယ်။ တိုင်းအစိုးရ အဖွဲ့ဝင်တွေ အခုလည်း တက္ကစီစီးမနေရပါဘူးတို့၊ ဘတ်စ်ကားစီးမနေရပါဘူးတို့ ပြောဆိုတာမျိုးက အများကြိုက် လက်ခုပ်သံတချို့ ရနိုင်ပေမယ့် လက်တွေ့မကျပါဘူး။

ပြည်သူ့လွှတ်တော်နဲ့ ရန်ကုန်တိုင်းလွှတ်တော်တို့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို ကြည့်ရင် အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ကြားမှာ တဖက်နဲ့တဖက် ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ မသွားဘဲ ရန်လိုမုန်းစကားတွေ ပြောဆိုနေကြတာ တွေ့နိုင်တယ်။ တဖက်နဲ့တဖက် အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းတာ ဆိုတာမျိုးထက် အပြစ်ရှာ အပြစ်ပြော အပြစ်တင်နေကြတယ်လို့ မြင်ရတယ်။ ဒီလိုအဖြစ်တွေက လွှတ်တော်တွေ အသက်ဝင်တယ်လို့ ပြောမရနိုင်ဘဲ လွှတ်တော်ပုံရိပ် ကျဆင်းစေတယ်။ လူထုအမြင်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုံရိပ် မကောင်းဘဲ နောင်တကြိမ် ရွေးကောက်ပွဲအတွက် အဲ့ဒီကိုယ်စားလှယ်မှာ နေရာမရနိုင်ဖြစ်မယ်။ အခုတောင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းပိုင်ခွင့်ဥပဒေ မရှိသေးလို့ တချို့ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ထိုင်နေရတာဖြစ်ပြီး ဥပဒေသာရှိရင် ဖြုတ်ချခံရမယ့် ကိုယ်စားလှယ် တော်တော်များနေလောက်ပြီ။ ကြမ်းတမ်းတဲ့ ကိုယ်နှုတ်အမူအရာတွေ ထိန်းသိမ်းပြင်ဆင်ပြီး သိန်း ၃၀၀ လောက်ပဲတန်တဲ့ ကားတွေ ဝယ်စီးကြရင် ဝေဖန်သံ သတိပေးသံတွေ မကြားရလောက်ဘူး။ (ဒီစာရေးနေတုန်းမှာ အန်အယ်လ်ဒီပြောခွင့်ရသူက တန်ဖိုးကြီး ဇိမ်ခံကားတွေ ဝယ်မစီးသင့်ဘူးလို့ ဝင်ဟန့်သံ ကြားရတယ်)။ ကိုယ်စားလှယ်တွေအနေနဲ့ စိတ်တွေလျှော့ မာန်မာနတွေ လျှော့ချကြပြီး ပြည်သူကိုမျက်နှာမူ လုပ်ကြကိုင်ကြဖို့ တိုက်တွန်းတယ်။ ထင်ရာစိုင်းမှာပဲ ဆိုရင်တော့ ၂၀၂၀ က လက်ရှိ ကိုယ်စားလှယ်တွေကို အဆုံးသတ်ပေးလိမ့်မယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013