DVB Logo
Home
မြန်မာသတင်း
ဘာသာရေးဆက်နွှယ်သည့် ရာဇဝတ်မှုများ ဖြေရှင်းရန် သာသနာရေးမှူး ခန့်အပ်မည်
DVB
·
June 11, 2018
ဘာသာရေးဆက်နွှယ်သည့် ရာဇဝတ်မှုများ ဖြေရှင်းရန် သာသနာရေးမှူး ခန့်အပ်မည်
Donate to DVB

မွန်ပြည်နယ်၊  သထုံမြို့နယ်မှာ ဘာသာရေးကို ခုတုံးလုပ်ပြီး ဘာသာ၊  သာသနာနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းဆောင်ရွက်ဖို့ သာသနာရေးမှူး ခန့်အပ် တာဝန်ပေးသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။

သထုံမြို့နယ် အပါအဝင် မွန်ပြည်နယ်မှာ ဘာသာရေးနဲ့ဆက်နွှယ်တဲ့ ပြဿနာတွေ၊  ဘုန်းကြီးအတုအယောင်တွေက မုဒိမ်းမှု ကျူးလွန်နေတဲ့ ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် တိတိကျကျ ကိုင်တွယ်ဖြေရှင်းဖို့ သာသနာရေးမှူးတွေ လိုအပ်တာပါ။

မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မွန်ပြည်နယ်မှာ သာသနာရေးကိစ္စတွေကို တာဝန်ယူဖြေရှင်းဖို့ သထုံမြို့နယ်က ခရိုင်မြို့ တမြို့ဖြစ်တဲ့အတွက် သာသနာရေးမှူးတဦး ခန့်အပ်တာဝန်ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

“မွန်ပြည်နယ်မှာ သာသနာရေးကိစ္စများ ဆောင်ရွက်ဖို့တွက် သာသနာရေးဝန်ကြီးဌာနမှ ဝန်ထမ်းဖွဲ့စည်းထားပုံနှင့် သာသနာရေးနှင့် ပတ်သက်လာသော တရားစွဲဆိုမှု ကိစ္စရပ်များကို မည်သူက တာဝန်ခံ တာဝန်ယူ ဆောင်ရွက်နေပါသလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီမေးခွန်းကို မွန်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက “သထုံခရိုင်၊  သထုံမြို့နယ်အတွက် သာသနာရေးမှူး ခန့်ထားနိုင်ရေးသည် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ခန့်ထားပိုင်ခွင့် ဖြစ်သဖြင့် ခန့်အပ်ခွင့်ရရှိရေးအတွက် သာသနာရေးဝန်ကြီးဌာန နှင့်ညှိနှိုင်းဆောင်ရွက်ပေးသွားပါမည်” လို့ဖြေကြားခဲ့ပါတယ်။

အဲ့ဒီဖြေကြားချက်ဟာ သာသနာရေးနဲ့ပတ်သက်ပြီး တရားစွဲဆိုတဲ့ကိစ္စရပ်တွေအပေါ် တာဝန်ယူဖြေရှင်းပေးမယ့်သူကို ရှင်းရှင်းလင်းလင်းသိလိုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် က ဆက်စပ်မေးခွန်း ထပ်မံမေးမြန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “သာသနာရေးပြဿနာတွေက တခြားမြို့နယ်တွေမှာလည်း ရှိပါတယ်။  သံဖြူဇရပ်မှာလည်း ရှိပါတယ်။ ဒါပေမယ့်နည်းပါတယ်။ သထုံမှာ ထူးခြားပြီးတော့ ရှိလာတဲ့အတွက်ကြောင့် ကျနော်တို့က ခန့်ထားဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးပါမယ်လို့ပြောတာ ဖြစ်ပါတယ်။ သထုံရဲ့ ထူးခြားချက်အခြေအနေကို ဒေါ်စံဝင့်ခိုင် (မွန်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားရေးရာဝန်ကြီး) အသိဆုံးပါ။ အဲ့တော့ ညှိနှိုင်းပြီးတော့ သာသနာရေးမှူးခန့်ဖို့ အစီစဉ်ရှိပါတယ်။ ” လို့ ဖြေကြားပါတယ်။

လက်ရှိသထုံမြို့နယ်မှာ သာသနာရေးမှူးမရှိတဲ့အတွက် သာသနာရေးကိစ္စတွေကို လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ယူပေးနေရပေမယ့်လည်း သာသနာရေးနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှု ကိစ္စတွေကို ဖြေရှင်းပေးနေတဲ့အခြေအနေ မရှိသေးပါဘူး။

ဘုန်းကြီးတွေက ကျူးလွန်တဲ့ မုဒိန်းမှုတွေကို သာသနာ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် ရဲစခန်းတွေက အမှုမဖွင့်ပေးတဲ့ ဖြစ်ရပ်မျိုး ကြုံတွေနေရတယ်လို့ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။

“အမှုတခုဖြစ်လာရင် လူတွေနားလည်တာ ရဲစခန်းသွားရမယ်။ ရဲစခန်းသွားတိုင်ပြန်တော့လည်း အမှုမဖွင့်ပေးတဲ့အတွက်ကြောင့် လွှတ်တော်ရေးရာကော်မတီကို တိုင်ကြားလာတဲ့ အမှုတွေ များပါတယ်။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ သာသနာ့ဝန်ထမ်းဖြစ်နေလို့။ သာသနာ့ နယ်ပယ်ထဲက ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့တချို့ဆို ၄၊  ၅ ၊ ၆ လလောက်ရှိနေပြီ။ ဒီပြဿနာကို ဘယ်သူဖြေရှင်းမှာလဲ။ သံဃနာယက အဖွဲ့ကလား။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလား။ ဘယ်သူ့ကို သွားတိုင်ကြားရလို့ တိုင်ကြားရမှန်းမသိသလို တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်သူ့ဆီမှာ ရှိမှန်း မသိတဲ့အနေအထားတွေရှိပါတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ သာသနာရေးကိစ္စတွေဆောင်ရွက်ဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သာသနာရေးမှူး ရုံး ၃ ရုံး ထားရှိပြီး မွန်ပြည်နယ်သာသနာရေးမှူးရုံးမှာ ပြည်နယ်သာသနာရေး ညွှန်ကြားရေးမှူး ၁ ဦးအပါအ၀င် အရာထမ်း ၃ ဦး၊  အမှုထမ်း ၁၀ ဦး စုစုပေါင်း ၁၃ ဦး၊ ကျိုက်ထိုမြို့နယ်သာသနာရေးမှူးရုံးမှာ အရာထမ်း ၁ ဦး၊ အမှုထမ်း ၅ ဦး စုစုပေါင်း ၆ ဦး၊ သံဖြူဇရပ်မြို့နယ် သာသနာရေးမှူးရုံးမှာ အမှုထမ်း ၃ ဦးနဲ့ သာသနာရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013