DVB Logo
Home
မြန်မာသတင်း
တရားဥပဒေစိုးမိုးမှုမရှိသည့်ကိစ္စ မွန်ပြည်နယ်လွှတ်တော်အတွင်း အချေအတင် ဆွေးနွေး
DVB
·
June 10, 2018
တရားဥပဒေစိုးမိုးမှုမရှိသည့်ကိစ္စ မွန်ပြည်နယ်လွှတ်တော်အတွင်း အချေအတင် ဆွေးနွေး
Donate to DVB

မွန်ပြည်နယ် ၁၀ မြို့နယ်လုံးမှာ တရားဥပဒေစိုးမိုးမှုမရှိတာ၊ ဥပဒေကို လေးစားလိုက်နာမှု အားနည်းနေတာ၊ ရာဇ၀တ်မှုတွေကို ပေါ်ပေါ်တင်တင်ကျူးလွန်နေသူတချို့ကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်ပြီး အချေအတင် ဆွေးနွေးခဲ့ပါတယ်။

ဇွန် ၈ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ  ဒေါ်ခိုင်ခိုင်လဲ့တင်သွင်းခဲ့တဲ့ “တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာလုံခြုံရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” ကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့တာပါ။

ရေးမြို့နယ်မှာ ပညာချို့တဲ့ တဲ့ ရေလုပ်သားတွေကို လုပ်ခလစာ ခေါင်းပုံဖြတ်ကာ၊ လူပွဲစားတွေက လူကုန်ကူးနေတဲ့ဖြစ်ရပ်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေက မြေကွက်ရိုက်ရောင်းစားနေတဲ့ ပြဿနာတွေကို တိတိကျကျဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့အပေါ် ရေးမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဦးချစ်တင်နဲ့ မုဒုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်တို့က တင်ပြခဲ့ကြပါတယ်။

ကျိုက်မရောမြို့နယ်မှာ ဆိုင်ကယ်ခိုးမှုအဖြစ်များနေတာနဲ့ ဦးလေးကျေးရွာက အသက် (၁၃) နှစ်အရွယ် ကလေးငယ်ကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးကို အာမခံနဲ့ပြန်လည်လွှတ်ပေးခဲ့တဲ့ဖြစ်ရပ်တွေ စတာတွေကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်က တင်ပြခဲ့ပါတယ်။

မြ၀တီဘက်မှ ပြိုင်ကားတွေအပါအဝင် လိုင်စင်မဲ့ ကားတွေကို တရားမ၀င်တင်သွင်းနေတာတွေ၊ ကျူးကျော်ကိစ္စတွေနဲ့ နွားမှောင်ခိုကိစ္စတွေ ခွန်တန်ကိစ္စအပါအ၀င် ဘာသာ သာသနာကို ခုတုံးလုပ်ပြီး ရာဇ၀တ်မှုကျူးလွန်နေသူတွေကို အရေးယူကိုင်တွယ်မှု နှောင့်နှေးကြန့်ကြာနေတာတွေကို သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးအောင်ကျော်သူနဲ့ ဒေါ်ခိုင်ခိုင်လဲ့တို့က အသီးသီးထောက်ပြခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြဆွေးနွေးချက်တွေအပေါ် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ၀င်းနိုင်ဦးက အခုလို ပြန်လည်ရှင်းလင်းပါတယ်။

“တရားဥပဒေ စိုးမိုးရေးဆိုတာ အင်မတန်ကျယ်ပြန့်တဲ့ကိစ္စဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးလို့ ပြောလိုက်လို့ရှိရင်လည်း အများရဲ့ အမြင်မှာ အရင်ဦးဆုံးမြင်တာက ရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်။ အခုပြောဆိုဆွေးနွေးသွားကြတာ ခိုးဆိုးလုယက်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတွေ၊ မြေယာကိစ္စတွေနဲ့ လောင်းကစားမှုတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်မှု အားနည်းချက်တွေကို ဆွေးနွေးသွားတယ်လို့မြင်ပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ ရဲတပ်ဖွဲ့မှာချည်းပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ တရားစီရင်ရေးကိစ္စတွေ၊ ဥပဒေကြောင်း ကိစ္စတွေကို အများပြည်သူရောဌာနဆိုင်ရာကပါ သက်ဆိုင်အကျုံးဝင်ပါတယ်။”

အဲ့ဒီအဆိုကို မွန်ပြည်နယ်လွှတ်တော်မှာ အတည်ပြုဖို့ ကန့်ကွက်မှုတွေရှိလို့ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၉ မဲ ၊ ကန့်ကွက်မဲ ၁၀ နဲ့အနိုင်ရရှိခဲ့တဲ့အတွက် လွှတ်တော်က အတည်ပြုနိုင်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် မေလလယ်လောက်ကလည်း ကျိုက်ထို၊ မော်လမြိုင်၊ ရေးမြို့နယ်တို့မှာ ပြည်သူလူထုက ၃ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြသေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013