DVB Logo
Home
မြန်မာသတင်း
ကချင်တကျော့ပြန်တိုက်ပွဲ ၇ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်ခွင့် လျှောက်ထားသူကို အမှုဖွင့်
DVB
·
June 9, 2018
ကချင်တကျော့ပြန်တိုက်ပွဲ ၇ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်ခွင့် လျှောက်ထားသူကို အမှုဖွင့်
Donate to DVB

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပွားလာတာ ၇ နှစ်ပြည့်အနေနဲ့ မြစ်ကြီးနားမြို့နယ် မနောကွင်းမှာ ဆုတောင်းပွဲတခု ပြုလုပ်ခဲ့ပြီး အဲဒီဆုတောင်းပွဲပြုလုပ်ခွင့် လျှောက်ထားခဲ့သူကိုတော့ ဥပဒေမလိုက်နာတာကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်သွားမယ်လို့ မြို့နယ်စခန်းမှူး ရဲမှူး မြင့်မိုးက ပြောပါတယ်။

ဆုတောင်းပွဲပြုလုပ်ခွင့် လျှောက်ထားခဲ့သူ ဆရာယိမ်းကရန်းအနေနဲ့ ဆုတောင်းပွဲအစီအစဉ်ကို မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိသာ ပြုလုပ်မယ်လို့ မြို့နယ်ရဲစခန်းထံ  အကြောင်းကြားခဲ့ပေမယ့် ဆုတောင်းပွဲအစီအစဉ်ဟာ ၁ နာရီ ၁၅ မိနစ်မှသာ အဆုံးသတ်ခဲ့တာကြောင့် အခုလို တရားစွဲဆိုတဲ့အဆင့်ထိ သွားရတာလို့ ရဲမှူးက ဆိုပါတယ်။

ဒါ့အပြင် ဆုတောင်းပွဲအစီအစဉ်မှာ မြို့နယ်ရဲစခန်းက ကန့်ကွက်ထားတဲ့ ပြဇာတ်အစီအစဉ်ကိုပါ ထည့်သွင်းခဲ့တာကလည်း တရားစွဲဆိုရတဲ့အကြောင်းရင်းထဲက တစ်ချက်ဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ရဲမှူး မြင့်မိုးက ပြောကြားခဲ့ပါတယ်။

”ကပြဖျော်ဖြေတာတွေ၊ သရုပ်ဖော်တင်ဆက်တာတွေဟာ ငြိမ်းစုစီဥပဒေနဲ့မဆိုင်ဘူး။ အဲ့အတွက်ကြောင့်မို့ ဒီကဏ္ဍလေးကို ကျနော်တို့က ကန့်ကွက်တာ။ ကန့်ကွက်တဲ့အပေါ်မှာလည်း လျှောက်ထားသူကိုယ်တိုင်လည်း သိတယ်။ သူကိုယ်တိုင်စခန်းကိုလာတယ်။ ဒီအပိုင်းကို ကျနော်တို့ ခွင့်မပြုဘူး။ ခွင့်မပြုတဲ့အကြောင်းအရင်းက ဥပဒေနဲ့မညီတဲ့အတွက်ကြောင့် ခွင့်မပြုတာပါ။ သူကလည်း သိရှိတဲ့အကြောင်း၊ ဒီဟာကို (ပြဇာတ်) ထည့်သွင်းပြီး မဆောင်ရွက်ဘူးဆိုတဲ့အကြောင်း လက်မှတ်ထိုးထားတာ ကျနော်တို့ဆီမှာရှိတယ်” လို့ ရဲမှူးက ပြောပါတယ်။

ကာယကံရှင်ဖြစ်သူ ဆရာယိမ်းကရန်းအနေနဲ့ ခရီးလွန်နေတာကြောင့် စခန်းကို ဒီနေ့လာရောက်ဖို့ ဆင့်ခေါ်နိုင်ခြင်း မရှိသေးသလို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။

ဒီနေ့ပြုလုပ်တဲ့ ဆုတောင်းပွဲအစီအစဉ်အပြီးမှာ စစ်ဘေးရှောင်စခန်းက လူငယ်တွေတင်ဆက်တဲ့ ”ယေရမိရဲ့မြည်တမ်းစကားဖြင့် ကချင်စစ်ရှောင်များ၏ဘ၀များ” အမည်ရှိ ပြဇာတ်ကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး အဲဒီနောက်မှာတော့ အစီအစဉ်ကို ရုပ်သိမ်းခဲ့ပါတယ်။

အဆိုပါပြဇာတ် မပြသခင်မှာတော့ မြို့နယ်ရဲမှူးသာမက၊ ခရိုင်ရဲမှူးနဲ့ ရဲအင်အား ၁၀၀ ကျော်က မနောကွင်းအပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့ပြီး ပြဇာတ်ပြသချိန်မှာတော့ ခရိုင်ရဲမှူး ဦးဆောင်က ရဲအင်အား ၁၀ ယောက်ကျော်လောက်က ပြဇာတ်မပြဖို့ လာရောက်ညှိနှိုင်းခဲ့ပါတယ်။ ဒါပေမယ့် ကချင်လူငယ်တွေဘက်က ပြဇာတ်ကို ဆက်လက်ပြသခဲ့ပြီးနောက်မှာတော့ တရားစွဲဆိုတဲ့အထိ ဖြစ်ခဲ့တာပါ။

တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ အပစ်အခတ်ရပ်စဲရေး ပျက်သုဉ်းကာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်ပွားခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းကျော်ဟာ စစ်ဘေးရှောင်စခန်း ၁၆ ၇ခုမှာ ခိုလှုံနေရကြရပါတယ်။

ကချင်အဖွဲ့အစည်းတွေရဲ့ ဒီနေ့ထုတ်ပြန်ချက်တွေအရ စစ်ဘေးရှောင်တွေ စွန့်ခွာခဲ့ရတဲ့ သူတို့နေရပ်တွေမှာ မြေယာသိမ်းမှုတွေနဲ့ ငှက်ပျောစိုက်ခင်းတွေ ကျူးကျော်ဝင်ရောက်လာတဲ့ စိန်ခေါ်မှုတွေအပြင် စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာပို့ဆောင်ပေးရန်မှာလည်း တားမြစ်ခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအနေနဲ့ လက်ရှိအကောင်အထည်ဖော်မယ့် စစ်ဘေးရှောင်စခန်းတွေ ပိတ်သိမ်းဖို့ မဟာဗျူဟာစီမံချက်ကို ချက်ချင်းရပ်သင့်တယ်လို့လည်း ကချင်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

သတင်း၊ဓာတ်ပုံ-ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013