DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် ကျေးရွာအုပ်ချူပ်ရေးမှူးအား တရားစွဲဆိုမှုအပေါ် မကျေနပ်၍ ဆန္ဒပြ
DVB
·
June 9, 2018
မအူပင်တွင် ကျေးရွာအုပ်ချူပ်ရေးမှူးအား တရားစွဲဆိုမှုအပေါ် မကျေနပ်၍ ဆန္ဒပြ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ အုပ်ချူပ်ရေးမှူးအား တရားစွဲဆိုပြီး တာဝန်မှရပ်ဆိုင်းခဲ့တာကို မကျေနပ်လို့ ကျေးရွာသားတွေ ရာနဲ့ချီ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

မလက်တိုကျေးရွာအုပ်ချူပ်ရေးမှူး ဦးကြိုင်ကို ၂၀၁၃ ခုနှစ်အတွင်း ကုမ္ပဏီတခုက ကန်တွေကို ဖောက်တယ်၊ ဝါးတွေခုတ်ပါတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး မတားဆီးနိုင်ရကောင်းလားဆိုပြီး ၂၀၁၈ ခုနှစ်ကျမှ ခရိုင်က တာဝန်ကနေ ရပ်ဆိုင်းလိုက်တာကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်သူ ရပ်မိရပ်ဖ ဦးကျော်ဝင်းတင်က ပြောပါတယ်။

“ဒီမိုကရေစီစနစ်အရ အများပြည်သူ ရွေးချယ်တင်မြောက်ထားတဲ့ အုပ်ချူပ်ရေးမှူးကို သူရဲ့အရည်အချင်း မပျက်ယွင်း၊ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းလည်း မပျက်ယွင်းတဲ့ သူကို အခုလိုတာဝန်က ရပ်ဆိုင်းလိုက်တာဟာ ဒီမိုကရေစီစနစ်တခုလုံးနဲ့ ပြည်သူကို စော်ကားတာပါ။ အခုဆန္ဒထုတ်ဖော်တာ မထူးခြားရင် ဆက်လက်ဆန္ဒထုတ်ဖော်တာတွေ၊ သပိတ်စခန်းဖွင့်တာတွေ ဆက်လုပ်သွားမှာပါ" လို့ ပြောပါတယ်။

ဦးဆောင်သူ ဦးငြိမ်းမောင်က "အော့ချက်ကုမ္ပဏီက ၂၀၀၃ ခုနှစ်က ကျနော်တို့ ကျေးရွာတွေက လယ်ယာမြေတွေကို သိမ်းဆည်းခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှ ကျောက်တိုင်တွေစိုက်၊ ဘောင်တွေ ပတ်တာတွေ စလုပ်တယ်။ ဘာမှလည်း လုပ်ကိုင်တာမရှိပါဘူး၊ ၂၀၁၃ ခုနှစ်မှာ ကျနော်တို့ လယ်တွေကို ကျနော်တို့ ပြန်လုပ်တယ်၊ ဒါကိုတရားစွဲတယ်။ အခုလည်း တရားရင်ဆိုင်နေရပါတယ်။ အော့ချက်ကုမ္ပဏီက မလက်တိုကျေးရွာအုပ်စုမှာ ဧက ၅၀၀၀ ကျော်ကို သိမ်းထားတယ်။ သူတို့သိမ်းထားလို့ ကျေးရွာနှစ်ရွာလည်း ပျောက်ခဲ့ရတယ်။ အခုလည်း တောင်သူတွေ လုပ်ကိုင်စားခွင့်မရှိဘူး၊ အုပ်ချူပ်ရေးမှူးကိုလည်း တရားစွဲတားပါတယ်" လို့ ပြောပါတယ်။

မလက်တိုကျေးရွာအုပ်ချူပ်ရေးမှူး ဦးကြိုင်က "၂၀၁၇ခုနှစ်မှာ အော့ချက်ကုမ္ပဏီက ကျနော့်ကို တရားစွဲတယ်။ ဒါကို ခရိုင်စစ်ဆေး ရေးအဖွဲ့က ကျနော်တို့ လူ ၂၀ လောက်ကို ခေါ်ယူစစ်ဆေးတယ်။ ပြီးတော့ တိုင်းကိုတင်တယ်။ အဲ့မှာ ကျနော်တို့က အမှန်အတိုင်းပြောတာပဲ၊ ခရိုင်စစ်ဆေးရေးအဖွဲ့က ဘယ်လိုရေးတင်လည်း မသိဘူး၊ မေလ ၁၈ ရက်နေ့ တိုင်းအစည်းအဝေးမှာ ကျနော်ကို တာဝန်က ရပ်ဆိုင်းလိုက်တယ်ဆိုပြီးစာထုက်ပါတယ်။ အော့ချက်ကုမ္မဏီက ခုချိန်ထိ ဘာမှာစိုက်ပျိုးလုပ်ဆောင်ခြင်းမရှိပါဘူး” လို့ ပြောပါတယ်။

အော့ချက်ကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာမြင့်ဆွေက "အန်ကယ်တို့ ကုမ္ပဏီက အုပ်ချူပ်ရေးမှူးကိုတရားစွဲတာ သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်စာတွေလည်း ရှိပါတယ်။ သူတို့က ကုမ္ပဏီက ဘာမှမလုပ်ဘူးပြောတာမဟုတ်ပါဘူး။ အန်ကယ်တို့ အခုငါးမွေးမြူရေးတွေ လုပ်ကိုင်နေတာပါ။ ငါးအသေးဆို ၄ ပိဿာကျော်ရှိပြီး အကြီးဆို ၁၅ ပိဿာခန့်အထိရှိပါတယ်။ အုပ်ချူပ်ရေးမှူးကို တာဝန်ကရပ်စဲလိုက်တာ ဦးတို့နဲ့မဆိုင်ပါဘူး ဌာနဆိုင်ရာက လုပ်တာပါ" လို့ ပြောပါတယ်။

မလက်တိုကျေးရွာအုပ်ချူပ်ရေးမှူးအား တရားစွဲဆိုမှုနဲ့ တာဝန်မှရပ်စဲထားတာကို ပြန်လည်ရုပ်သိမ်းပေးရေးအတွက် ကျေးရွာ ၁၆ ရွာက ပြည်သူ ရာနဲ့ချီ မအူပင်မြို့ ဗိုလ်ချူပ်ကြေးရုပ်အရှေ့မှစတင်ပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ မြို့တွင်း လှည့်လည်ဆန္ဒထုက်ဖော်ခဲ့ကြပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013