DVB Logo
Home
မေးမြန်းခန်း
အစိုး​ရအဖွဲ့​အတွင်း​ အမျိုး​သမီး​ဦး​ရေ ၃ ပုံ ၁ ပုံရ​ရေး​ ကြိုး​ပမ်း
DVB
·
July 3, 2012
အစိုး​ရအဖွဲ့​အတွင်း​ အမျိုး​သမီး​ဦး​ရေ ၃ ပုံ ၁ ပုံရ​ရေး​ ကြိုး​ပမ်း
1 / 2
Donate to DVB

လွှတ်တော်အသီးသီးနဲ့ အစိုးရအဖွဲ့တွေမှာ အမျိုးသမီးဦးရေ ၃ ပုံ ၁ ပုံနီးပါး ခန့်အပ် တာဝန်ပေးရေးကို မနက်ဖြန်စမယ့် လွှတ်တော်မှာ အဆိုတင်သွင်းမယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချရမယ့် နေရာအသီးသီးမှာ အမျိုးသမီးအရေအတွက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းပေးဖို့ ဒေါ်ခင်စောဝေက အဆိုတင်မှာဖြစ်ပါတယ်။

[caption id="attachment_27459" align="alignleft" width="283" caption="ဒေါ်ခင်စောဝေ"][/caption]

ဒီတောင်းဆိုချက်ဟာ မြန်မာပြည်သမိုင်းမှာအမျိုးသမီးပါဝင်မှု အများဆုံး တောင်းဆိုချက် ဖြစ်ပါတယ်။

မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းကိုတော့ မြန်မာအမျိုးသမီးတွေ လုပ်ကိုင်ခွင့်ရကြပေမယ့် ပညာရေးနဲ့ အုပ်ချုပ်ရေး စတဲ့ နယ်ပယ်တွေမှာ မြန်မာအမျိုးသမီးတွေ ခွဲခြားဆက်ဆံခံရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့လက ထိုင်း ခရီးစဉ်မှာ ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။

လက်ရှိလွှတ်တော်တွေမှာ အမျိုးသမီးကိုယ်စားလှယ် အရေအတွက်ဟာ ၄ ရာခိုင်နှုန်းပဲ ရှိနေတာပါ။

အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့်အပ်ပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်ခင်စောဝေကို မေးထားပါတယ်။

“အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတခုကို အဆိုတင်သွင်းဖို့ ကျမလုပ်ထားပါတယ်။ အမျိုးသမီးတွေ ပါဝင်မှုက တအားနည်းနေတယ်မလား။ အဲဒါကို ၃၀ ရာခိုင်နှုန်းလောက် လွှတ်တော်တွေမှာရော အစိုးရအဆင့်ဆင့်မှာရော၊ ပါဝင်ဖို့ဟာကို ကျမအနေနဲ့ တင်မှာပါ။”

လာမယ့်လွှတ်တော်မှာ တင်မှာလားဗျ။

“အခုလာမယ့် ပြည်သူ့လွှတ်တော်မှာတင်မှာပါ။ ”

ဘာဖြစ်လို့ ဒီအဆိုကို တင်တာလဲဆိုတာ ရှင်းပြပါလား။

“ဘာဖြစ်လို့ ဒီအဆိုကို တင်ရတာလဲဆိုတော့ ကျမတို့ရဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ပါဝင်ထမ်းဆောင်မှုဟာ တော်တော်နည်းနေတယ်။ အခု အမျိုးသမီးတွေကို အများပြည်သူတွေမှာ ပါဝင်ဆောင်ရွက်မှုက ချန်ထားတာတို့၊ ဘေးဖယ်ထားတာတို့၊ မရှိဘူးတို့ ပြောကြတာပေါ့နော်။ မရှိဘူးဆိုပေမယ့်လည်း လက်တွေ့မှာ အမျိုသမီးတွေက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ နိုင်ငံတော်ဆောက်တည်ရေး အောက်ခြေအထိ ပါဝင်ဖို့အတွက် အမျိုးသားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် တအားနည်းနေတာကို တွေ့ရတယ်။ ဒီလိုနည်းနေတဲ့ အကြောင်းအရင်း တခုကတော့ အမျိုးသမီးကို သူတို့ကဘေးဖယ်လိုတဲ့ ရည်ရွယ်ချက်ကြောင့် မဟုတ်ဘူး။ အမျိုးသမီး ပါဝင်ဖို့ သီးခြား မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြဌာန်းထားတာ မရှိလို့ ဖြစ်တယ်လို့ ကျမတို့က တွေးမိတယ်။”

“အဲဒီအတွက်ကြောင့် ကျမတို့က ဥပမာပေါ့နော် ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ အပါအ၀င်၊ ဥပဒေပြုတာ၊ တရားစီရင်ရေးဖွဲ့တာ၊ ဌာနဆိုင်ရာ အကြီးအကဲတွေမှာ အမျိုးသမီးပါဝင် ထမ်းဆောင်မှုတို့ဆိုတာ ရာခိုင်နှုန်းအနေနဲ့ ဘက်မလိုက်ဘူးဆိုရင် ဒါဟာ မဖြစ်မနေ ပါလာရမယ်လို့ ကျမတို့က ထင်မြင်မိတာပေါ့နော်။ အဲဒီအတွက်ကြောင့် ကျမတို့က ၃၀ ရာခိုင်နှုန်းလောက်ကို ဘာပဲဖြစ်ဖြစ် တင်လိုက်တယ်။ နောက်ပိုင်းလည်း ဒီထက်များရင်လည်း များလာမယ်ပေါ့။”

လက်ရှိ လွှတ်တော်အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် အားဖြင့် ကြည့်ရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုက ၄ ရာခိုင်နှုန်းပဲရှိတာ တွေ့ရတယ်။ အခုဟာက ၇ ဆခွဲလောက် တိုးတောင်းလိုက်တဲ့ အနေအထားက ဖြစ်လာမယ်ဆိုရင် အမျိုးသမီးတွေက တာဝန်ထမ်းဆောင်ဖို့ အဆင့်သင့် ဖြစ်ပြီလား။

“ရှိကြပါတယ်။ တော်တော်များများပေါ့။ အရင်တုန်းကတော့ နိုင်ငံရေးလုပ်ဖို့ကို တအားကြောက်ကြတယ်။ ကျမတို့အနေနဲ့ အခုကျတော့ လုပ်နိုင်ကိုင်နိုင်တာတွေ တွေ့လာတယ်။ တကယ့်ကို ဒီမိုကရေစီလမ်းစဉ်ကို သွားနေတဲ့အချိန်မှာ အမျိုးသမီးလည်း ပါဝင်ဖို့လည်း ဒီအချိန်မှာ တော်တော်ကောင်းနေပါပြီ။ နောက်လာမယ့် ၂၀၁၅ မှာ တော်တော်များများ ပါဝင်လာမယ်လို့ ကျမထင်တယ်။”

အမျိုးသမီးတွေပါဝင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါရမယ်ဆိုတဲ့ ဒေါ်ခင်စောဝေရဲ့ တင်ပြချက်၊ အဆိုအပေါ်မှာ ကျန်တဲ့ လွှတ်တော်အတွင်းက အမျိုးသမီးတွေရဲ့ အမြင်ရော ဘယ်လိုရှိလဲ။

“အခု လောလောဆယ်မှာတော့ ကျမတို့ တိုင်းရင်းသားအဖွဲ့တွေကတော့ ဒါ တင်မှာကို အားရမှု ရှိပါတယ်။ တကယ်လို့ ကျမအဆိုတင်သွင်းတာ ရှိလာရင် အမျိုးသမီးတွေအနေနဲ့ ထောက်ခံဆွေးနွေးလာမယ်လို့ ကျမအနေနဲ့ ယုံကြည်တယ်။ အမျိုးသမီးတွေ ပါဝင်မှုတွေ ပိုလာမယ်ဆိုတော့ ဘယ်အမျိုးသမီးကမှ မကြိုက်ဘူးလို့ ရှိမယ် မထင်ပါဘူး။ အဲတော့ ကျမ အဆိုတင်မယ်ဆိုရင် ၀ိုင်းဝန်းပြီး လွှတ်တော်က ခွင့်ပြုချက်ရရင် ဒီအဆိုပေါ်မှာ ဆွေးနွေးရမယ့်ဟာတွေ  ရှိလာမယ်လေ။ ဆွေးနွေးရမယ့်သူတွေကတော့ အဓိက ဒီအမျိုးသမီးတွေ ဖြစ်လာမှာပေါ့နော်။ အန်အယ်လ်ဒီကဆိုရင် အတွေ့အကြုံ သိပ်မရှိသေးဘူး။ ဘာလို့လဲဆိုတော့ လွှတ်တော်ကို ၁ ရက်ပဲ တက်ရသေးတာကို။ အဲဒီတော့ သူတို့လည်း အမျိုးသမီး ဖြစ်နေတယ်ဆိုရင် အကုန်လုံးက အားပေးကြလိမ့်မယ်လို့ ကျမက မြင်တယ်။”

အမ အခု စပြီး ကြိုးပမ်းတဲ့ အမျိုးသမီး ၃၀ ရာခိုင်နှုန်းဟာ လွှတ်တော်မှာ ၃၀ ရာခိုင်နှုန်းအထိ ရပြီဆိုရင် အဲဒီအမျိုးသမီးတွေ လွှတ်တော်ထဲမှာ ဘာတွေ လုပ်နိုင်မယ်လို့ မျှော်လင့်လဲ။

“ဘာတွေလုပ်နိုင်မလဲဆိုတော့ တဖက်တလမ်းကနေ အမျိုးသမီးရေးရာတွေကို ပိုပြီး လုပ်နိုင်မယ်။ ကျမတို့ နယ်ဘက်တွေမှာဆိုရင် အမျိုးသမီးကဏ္ဍတွေမှာ လုပ်နိုင်တဲ့အင်အားတွေ တအားနည်းနေတယ်။ အဲဒါတွေ အမျိုးသမီးတွေ ပါဝင်လာလို့ရှိရင် အရင်တုန်းက မပါတာထက်စာရင် ပါလာတဲ့အခါ အမျိုးသမီးတွေအတွက်လည်း တော်တော်ကြီးကို တအားဖြစ်မယ်လို့ ကျမမြင်ပါတယ်။”

လွန်ခဲ့တဲ့ ရက်တွေတုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်တဲ့အခါမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က အတွင်းရေးမှူး နော်စီဖိုးရာစိန် တယောက်ပဲ တွေ့ရတယ်။ ကျန်တဲ့အဖွဲ့တွေမှာ အမျိုးသမီးတွေ မပါတာကို တွေ့ရတယ်။

“ကျမတို့ တကယ်ပါစေချင်ပါတယ်။ တကယ်တော့ အစိုးရအဖွဲ့တွေမှာ အမျိုးသမီးတွေကို ဒါတွေမှာ မထည့်တာကိုလည်း ကျမတို့လည်း စိတ်မကောင်းဘူး။ သူတို့က မလုပ်နိုင်လို့များ ကျမတို့ကို မထည့်နိုင်တာလားပေါ့။ ကျမတို့ တိုင်းရင်းသားတွေကတော့ ဘယ်ကဏ္ဍကပဲ ပါဝင်ပြီး လုပ်ရ လုပ်ရ လုပ်ချင်တယ်။ ကျမကိုယ်တိုင်လည်း လုပ်ပေးချင်တယ်။ ကချင် အရေးအခင်းမှာဆိုလည်း အမျိုးသမီးတွေရဲ့ အဓိက တာဝန် တော်တော်များများ ရှိနေတယ်လို့ ကျမတို့ သိရတယ်။ ကျမတို့တွေ ဘယ်နေရာက ပံ့ပိုးပြီး ကူညီပေးနိုင်မလဲဆိုတာ ကျမတို့ အမျိုးသမီးတွေ ဒါတွေကိုတိုင်ပင်ပြီး လုပ်ဖို့ စိတ်ကူးရှိပါတယ်။”

လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ယူထားတယ်ဆိုတော့ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်း ရရှိရေး တောင်းဆိုချက်က သူတို့ရဲ့ ထောက်ခံချက်ပါမှ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြင်လို့ရမှာဆိုတော့ ၂၅ ရာခိုင်နှုန်း၊ လွှတ်တော်ထဲမှာ ထိုင်နေတဲ့ တပ်မတော်သား ပုဂ္ဂိုလ်တွေကို ဘာပြောချင်လဲဗျ။

“ကျမတို့ လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါတာကတော့ ပါတာပေါ့နော်။ ဥပမာ ကျမတို့ အဆိုတခု တင်လိုက်တယ်ဆိုရင် ဒီအဆိုကို ဆွေးနွေးမှု အပေါ်မှာ၊ ကျမတို့ အမျိုးသမီးတွေက ဒါကို ဖြစ်သင့်ပါတယ်လို့ ဆွေးနွေးကြတာပေါ့နော်။ အဲဒါကို ဒီအစိုးရက ကျမတို့နဲ့ ဆိုင်တဲ့ ဌာနဆိုင်ရာ တခုခုကပဲ ဒီဟာက ဘယ်လိုရှိပါတယ်ဆိုတဲ့ ဖြေရှင်းချက်ကို လာပေးလိမ့်မယ်။ တပ်မတော်သားတွေနဲ့ ဒီကိစ္စတွေနဲ့ မဆိုင်ဘူး။”

ဟုတ်ကဲ့ ကျနော်ဆိုလိုတဲ့သဘောက ဒီ အမျိုးသမီး ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ဖို့ အဆိုက တင်ပြီးတာနဲ့ ပြီးသွားတာ မဟုတ်ဘူးလေ။ နောက်ထပ် ဆက်သွားမယ်ဆိုရင် လွှတ်တော်နဲ့ ဆိုင်သွားပြီလေ။

“လွှတ်တော်နဲ့ဆိုင်တယ်။ ဒါပေမယ့် လွှတ်တော်က ခွင့်ပြုရင် တပ်မတော်သားတွေကလည်း ဒါကို ကန့်ကွက်ပါတယ်လို့ ပြောလို့မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျမတို့က ကောင်းအောင် လုပ်တာပဲ။ ကျမတို့က ၃၀ ရာခိုင်နှုန်း တောင်းတယ်ဆိုပေမယ့်၊ ဥပမာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရမယ်ဆိုရင် ကျမတို့အတွက်က အမြတ်ပဲလေ။ ကျမတို့ နော်ဝေခရီးစဉ် အတွေ့အကြုံအရ လွှတ်တော်မှာ အမျိုးသမီးတွေ အများကြီးပဲလေ။ ကျမတို့နိုင်ငံလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။”

လွှတ်တော်မှာ ဒီအဆိုကို ဆွေးနွေးမယ့် ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး ဘာထပ်ပြောချင်သေးလဲ။

“အခုတပတ်မှာမှ လွှတ်တော်ကို ကျမက တင်သွင်းမှာပေါ့။ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရှိနိုင်ဖို့ဆိုတဲ့ ကျမရဲ့ အဆိုလေးကို အောင်မြင်စေချင်တာပေါ့နော်။ ကျမတို့ အမျိုးသမီးတွေလည်း တာဝန်ထမ်းဆောင်မှု များလာတဲ့အခါမှာ တိုင်းရင်းသား အမျိုးသမီးတွေလည်း တတပ်တအားပါဝင် လှုပ်ရှားလို့ရမယ့်အတွက် ကျမကတော့ တကယ်ကို ရစေချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013