DVB Logo
Home
မြန်မာသတင်း
အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ကို မတရားအသင်းက အစိုးရပယ်ဖျက်ပေး
DVB
·
June 9, 2018
အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ကို မတရားအသင်းက အစိုးရပယ်ဖျက်ပေး
Donate to DVB

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) နဲ့ အဖွဲ့ဝင်တွေကို  ဇွန်လ ၈ ရက်ကစပြီး မတရားအသင်းနဲ့ အကြမ်ဖက်သူများ အဖြစ်ကနေ ပယ်ဖျက်ပေးလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

အန်စီဂျီယူဘီဟာ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အဲ့ဒီနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ကရင်ပြည်နယ်၊ မာနယ်ပလောမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာဝပြောသော၊ ခေတ်မီသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ အဖွဲ့ရဲ့ ကြေညာချက်မှာ အဲ့ဒီတုန်းက ဖော်ပြပါရှိပါတယ်။

အစိုးရအဖွဲ့မှာ  ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေအဖြစ်  ဦးဝင်းကို၊ ဦးပီတာလင်းပင်၊ ဦးသန်းကြွယ်၊ ဦးလှဖေ၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦးတို့ ပါဝင်ပါတယ်။

၁၉၉၅ ခုနှစ် ဇူလိုင်လအတွင်းက ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့  ပထမအကြိမ်ညီလာခံကို ဆွီဒင်နိုင်ငံ၊ ဗွန်မာစဗစ်မြို့မှာ ကျင်းပခဲ့ပြီး အစိုးရ၊ ဝန်ကြီးအဖွဲ့သစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ရာမှာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ဝန်ကြီးများအဖြစ် ခွန်တယ်ဒီဘူးရီ၊ ဒေါက်တာတင့်ဆွေ၊ ဦးဘိုလှတင့်၊ ဒေါက်တာစန်းအောင်၊ ဦးမောင်မောင်အေး၊ ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဒေါက်တာဇလှယ်ထန်းနဲ့  ဦးသာနိုးတို့ ဖြစ်ကြပါတယ်။

အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဝန်ကြီးဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာတင့်ဆွေဟာ လတ်တလောမှာ မြန်မာပြည် ပြည်ဝင်ခွင့်ဗီဇာရပြီး ပြည်တွင်းကို ရောက်နေပါတယ်။

အခု အစိုးရက သူတို့ အဖွဲ့ကို မတရားအသင်းအဖြစ်က ပယ်ဖျက်ပေးလိုက်တဲ့အပေါ် သဘောထားကို သူ့အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားချက်အရ အန်စီဂျီယူဘီ အဖွဲ့မှာ သူ အပါအ၀င် သုံးဦးပဲ အသက်ရှင်လျက် ရှိတော့တယ်လို့ ဆိုထားပါတယ်။

“အန်စီဂျီယူဘီ ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရထဲမှာ နောက်ဆုံးတရားဝင်ပါနေခဲ့သူတွေက ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း၊ ဦးခွန်မားကိုဘန်းနဲ့ ကျနော် သုံးဦးသာရှိပါတယ်။ အခုကြေညာချက်နဲ့ပတ်သက်ပြီး စစ်အစိုးရ၊ ပြည်ခိုင်ဖြိုးအစိုးရနဲ့ အခုအစိုးရ ဘယ်အစိုးရကမှ ကျနော်တို့နဲ့ ဆွေးနွေးတာ ကမ်းလှမ်းတာ မရှိပါ။

“ဒေါက်တာစိန်ဝင်းက ပြန်လာချင်တာ ကျနော့်ထက်စောတယ်။ ဆိုရှယ်ဗီဇာဆိုတာ အမျိုးနဲ့ အသိမိတ်ဆွေတွေသာ တွေ့ရမှာ နိုင်ငံရေးမလုပ်ပါလို့ ခံဝန်ချက်လက်မှတ်ထိုးရမှာမို့ သူက မလာ။ ကျနော်လာတော့ အဲတာ ထိုးစရာမလိုပါ။

“ဦးခွန်မားကိုဘန်းက ငြိမ်ချမ်းရေးလုပ်ငန်းအရ အခုပြည်တွင်းမှာပဲ အခြေချနေပါတယ်။ ကျနော် ပထမဆုံးအကြိမ် ပြည်ဝင်ခွင့် ဗီဇာရတယ်။ ပြည်တွင်းမှာ နေရထိုင်ရ သွားလာရတာ ကနေ့အထိ အခက်အခဲ မရှိပါ။

“ဒေါက်တာစိန်ဝင်းက သူတတ်တဲ့ပညာနဲ့ စာသင်ချင်တယ်။ အဲတာ လုပ်ခွင့်မရှိသလိုလို။ ပီအာ ခေါ် အမြဲတန်းနေထိုင်ခွင့် လျှောက်ခွင့်မရှိသလိုလို။ ပီအာဆိုတာ အရင်အစိုးရလက်ထက်မှာ ဝှိုက်ကတ်လိုမျိုး။ လူမျိုးခြားနဲ့ ဘာသာခြားတွေတော့ ရတယ်။ ကျနော်တို့မှာ အဲတာတောင် လျှောက်ထားခွင့်မရှိသလိုလို။

“အမည်မည်းစားရင်းကို ၂ဝ၁၂ ခုနှစ် သြဂုတ်လထဲမှာ ပယ်ဖျက်ပေးတယ်။ အခု နောက်တခုပယ်ဖျက်ပေးတယ်။ လူမှုရေးသဘောအရ ကျေးဇူးပါလို့ မပြောချင်ပါ။”

ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီကို တည်ထောင်ခဲ့တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်မှာ  ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013