DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်တွင် မိုးသည်းထန်ပြီး သီးနှံစိုက်ခင်းများရေမြုပ်နေ
DVB
·
June 9, 2018
ဒီပဲယင်းမြို့နယ်တွင် မိုးသည်းထန်ပြီး သီးနှံစိုက်ခင်းများရေမြုပ်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှာ ဇွန်လဆန်းပိုင်းကစလို့ မိုးသည်း ထန်စွာရွာသွန်းပြီး ချောင်းရေကျနေလို့ သီးနှံစိုက်ခင်းတွေရေမြုပ်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ပန်ရန်းပကားချောင်းဘေးဝဲယာရှိ အနည်းဆုံး ၁၅ ရွာလောက်က စပါးခင်း၊နှမ်းနဲ့ ပဲတီစိမ်း စိုက်ခင်းတွေ ရေနစ်မြုပ်နေပြီး လတ်တလောမှာတော့ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ရေနစ်မြုပ်သီးနှံစိုက်ခင်း စာရင်းကောက်နေပါတယ်။

ရက်ကန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဖိုးဆွေက “နောက်ဆုံးကောက်ယူထားတဲ့ စာရင်းအရ မူးအုန်း ၁ရွာထဲမှာ ၁၂၅ ဧကရှိနေပြီ။ ကောက်လို့မပြီးသေးဘူး။ မူးအုန်းမှာတင် နှမ်း ၁၀ ဧက၊ စပါး ၆၈ ဧက၊ ပဲတီစိမ်း ၄၇ ဧကရှိနေပြီ။ ချောင်းဘေးက လယ်ယာတွေကတော့ ချောင်းရေကျလို့ပါ။ ချောင်းနဲ့ အလှမ်းဝေးတဲ့ နေရာတွေကတော့ မိုးများလို့ပါ။ စာရင်းကောက်ယူပြီးရင်တော့ သက်ဆိုင်ရာ အဆင့်ဆင့် တင်ပြပေးသွားမှာပါ။”လို့ပြောပါတယ်။

စပါးပင်တွေကလည်း အချို့လယ်တွေမှာ အနှံတွေထွက်နေပြီဖြစ်သလို အချို့လယ်တွေမှာ အဖူးထွက်ခါစတွေပဲရှိပါသေးတယ်။ နှမ်းတွေကတော့ အခုလ ၁ ရက် လောက်ကတည်းက ရိတ်သိမ်းတာတွေရှိနေပြီး တချို့ကလည်း ရိတ်သိမ်းခါနီး ရေနစ်မြုပ်နေတာပါ။

နေ့တိုင်းမိုးရွာနေတဲ့အတွက် နှမ်းပုံတွေက ပုပ်နေပြီဖြစ်သလို ရေထဲမျောပါတာတွေ လည်းရှိနေတယ်လို့ မူးအုန်းကျေးရွာက တောင်သူ ဦးချစ်စရာကပြောပါတယ်။

“ရေက အခုထိတိုးနေတုန်းပဲ။ မကျသေးဘူး။ ရေမြုပ်တာ ၅ ရက်ထက်ကြာသွားရင်တော့ စပါးတွေက ပျက်စီးသွားမယ့်အနေအထားရှိတယ်။ နှမ်းတွေကလည်း တစ်ချို့ပျက်စီးနေပြီ။ ရိတ်ထားတာကလည်း ကြာပြီဆိုတော့ ပုပ်နေပြီ။ ရေမြန်မြန်မကျရင်တော့ တောင်သူတွေ အကုန်ဒုက္ခရောက်မှာပဲ။ ကုန်းနီးတဲ့သူတွေကတော့ ကုန်းပေါ်ရွှေ့တာပေါ့။ လှေရှိတဲ့ သူတွေကတော့ လှေနဲ့ရွှေ့နေတာ။ ကားလမ်းနဲ့ဝေးတော့ ခက်ခဲတယ်။ ခါတိုင်းနှစ်တွေက ဒီလောက်မဆိုးဘူး။”

နှမ်းတွေက အုတ်ရှစ်ကြီး၊ ထန်းတပင်ရွာတွေဖက်မှာ ဧက ၇၀ လောက်ရေမြုပ်နေသလို သရက်ကန်၊ မူးအုန်း၊ ဖုတ်ထန်းတော၊ အုတ်ရှင်းကြီး၊ တိုက်ရွာ၊ မြင်းတံကျေး စတဲ့ကျေးရွာတွေမှာ ရေမြုပ်နစ်တဲ့ဒဏ် ခံစားနေရတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ လွှတ်တော်တက်နေလို့ သတင်းကြားပေမယ့် ကွင်းဆင်းမကြည့်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒေသခံတောင်သူတွေကတော့ အခုလိုချောင်းရေကျချိန်မှာ ဆည်ရေကို ထိန်းပေးထားဖို့ပြောထားပြီး ရေနစ်မြုပ်တာ အချိန်ကြာလာလို့ သီးနှံတွေပျက်စီးသွားရင် စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်မဆပ်နိုင်မှာကို  စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013