DVB Logo
Home
Lead Story
စီးပွားရေးရာ ၀န်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် မြင့်လာပြီလား
DVB
·
June 8, 2018
စီးပွားရေးရာ ၀န်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် မြင့်လာပြီလား
Donate to DVB

စီးပွားရေးဖွံ့ဖြိုးရေးကို ဖော်ဆောင်ကြရာမှာ ခရာကြတဲ့ အစိုးရပိုင်း ဝန်ကြီးဌာန အခန်းကဏ္ဍတွေ  ရှိကြပါတယ်။ နိုင်ငံရဲ့ ဘဏ္ဍာရေးမူဝါဒကို အကောင်အထည်ဖော်ရတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေကြေးမူဝါဒကို ကိုင်တွယ်ရတဲ့ ဗဟိုဘဏ်၊ နိုင်ငံတကာနဲ့ ကုန်သွယ်ရေးဆိုင်ရာတွေမှာ အကျိုးရှိဖို့ အဓိကအခန်းကဏ္ဍက ညှိနှိုင်းရလေ့ရှိတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စတဲ့ နေရာတွေက စီးပွားရေးမှာ  အရေးပါတဲ့ ခေါင်းဆောင်မှု နေရာတွေလို့ ပြောလို့ရပါတယ်။

ပွင့်လင်းစခေတ် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၁၅ ခုနှစ်လောက်မှာ စတင်တုံ့ဆိုင်းလာခဲ့ပြီး လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်း တိုးတက်မှု နည်းသွားခဲ့ပါတယ်။ ဒါကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝန်ခံခဲ့ပါတယ်။ အစိုးရသစ် တက်လာပြီး တနှစ်အတွင်းမှာ မြန်မာ့စီးပွားရေး တုံ့ဆိုင်းနေခဲ့တာဟာ အစိုးရနှစ်ရပ်ရဲ့ အပြောင်းအလဲ ကာလမို့ပါလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းက ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ဒုတိယနှစ်ထဲမှာတော့ မြန်မာ့စီးပွားရေး အရှိန်အဟုန်နဲ့ တက်တော့မယ်လို့ ဝန်ကြီး ဦးကျော်ဝင်းက ထပ်မံပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့စီးပွားရေးကတော့ အရှိန်ကောင်းမလာခဲ့သလို ဝန်ကြီးလည်း လက်ရှိအချိန်မှာ နုတ်ထွက်သွားခဲ့ပါပြီ။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ စစ်အစိုးရခေတ်စီးပွားရေးရာ ၀န်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် မြင့်လာပြီလား ဖော်ပြတဲ့ ကိန်းဂဏန်းတွေအရဆိုရင် ဂဏန်း ၂ လုံးနဲ့ ဖြစ်နေခဲ့တာပါ။ ဒါကြောင့်၂၀၀၀ ပြည့်နှစ်ကျော်စ နှစ်များက စီးပွားရေး တိုးတက်နှုန်း (GDP growth rate) တွေကိုကြည့်ရင် ၁၃ ရာခိုင်နှုန်း ပတ်ချာလည်တွေကို တွေ့ရပါတယ်။ ဒါပေမယ့် ဦးသိန်းစိန် အစိုးရတက်လာတဲ့အချိန်မှာ အနီးစပ်ဆုံး ကိန်းဂဏန်းကို တွက်ချက်ယူရမယ်ဆိုတဲ့ စီးပွားရေး အကြံပေးတွေရဲ့ အယူအဆကြောင့် ဦးသိန်းစိန်အစိုးရ အစနှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာပဲ စီးပွားရေးတိုးတက်မှုနှုန်း (GDP growth rate) ဟာ ၅ ဒသမ ၅ ရာခိုင်နှုန်း ပြန်ဖြစ်ခဲ့ပါတယ်။

အဲဒီ ၅ ဒသမ ၅ ရာခိုင်နှုန်းကနေ စီးပွားရေးတိုးတက်မှုနှုန်းဟာ ဆက်တိုက် တက်လာခဲ့ပြီး ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့က သတ်မှတ်တဲ့ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမြင့်တဲ့ နိုင်ငံတွေထဲ ပါခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ နောက်နှစ်တွေမှာတော့ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း စကျလာပါတယ်။ ရေကြီးရေလျှံ ဖြစ်ခဲ့တာတွေ၊ ရွေးကောက်ပွဲကာလတွေနဲ့ ၂၀၁၅ ခုနှစ်မှာ ၆ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျလာပါတယ်။

အန်အယ်လ်ဒီအစိုးရ တက်လာချိန်မှာတော့ ၂၀၁၆ ခုနှစ်မှာ ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၆ ဒသမ ၄ ရာခိုင်နှုန်းလို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။ အချက်အလက်တွေကို ကြည့်ရင် စီးပွားရေးမှာ လက်ရှိအစိုးရဟာ ပြီးခဲ့တဲ့ အစိုးရလောက် တိုးတက်မှုကို မစွမ်းဆောင်နိုင်ဘူးလို့ ကောက်ချက်ချလို့ ရပါတယ်။

ဘာတွေ စွမ်းဆောင်ရည် မြင့်လာလဲ

ပထမဆုံး နိုင်ငံရဲ့ ဘဏ္ဍာရေး မူဝါဒကို ပဲ့ကိုင်တဲ့ ဝန်ကြီးဌာန ဖြစ်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဘာတွေ တိုးတက်ကောင်းမွန်အောင် လုပ်လာနိုင်လဲဆိုတာ ကြည့်ရမှာပါ။ ဘဏ္ဍာရေး မူဝါဒဆိုတာက တိုင်းပြည်ရဲ့ အသုံးစရိတ်တွေ၊ အခွန်အပါအဝင် အခြားရမယ့် ဝ၀င်ငွေရလမ်းတွေကို အဆင်ပြေစေမယ့် မူဝါဒချမှတ်ပြီး ဆောင်ရွက်တာကို ပြောတာပါ။ တိုင်းပြည်ရဲ့ အရအသုံးဆိုင်ရာဥပဒေ (ဘတ်ဂျက်) ကို ဒီဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲပြီး လွှတ်တော်မှာ နှစ်စဉ်တင်ပြရတာပါ။ ဘာတွေ ပြောင်းလဲလာသလဲ ဆိုရင်တော့ အခွန်ဝင်ငွေတွေ တိုးလာသလား၊ အသုံးစရိတ်တွေ များလာသလား၊ လိုငွေတွေ များလာသလား၊ ဝင်ငွေ ပိုရှာနိုင်လာသလား စတဲ့ အချက်တွေကို ကြည့်ရမှာပါ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဦးသိန်းစိန်လက်ထက် အာဏာလွှဲတဲ့နှစ် (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ အသုံးစရိတ်နဲ့ GDP အချိုးဟာ ၂၇ ဒသမ ၀၃ ရာခိုင်နှုန်း ရှိခဲ့ပြီး ရငွေနဲ့ GDP အချိုးဟာ ၂၂ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုအစိုးရလက်ထက်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျတ် မူလခန့်မှန်းခြေစာရင်းအရဆိုရင် အသုံးစရိတ်နဲ့ GDP အချိုးဟာ ၂၂ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်ပြီး ရငွေအချိုးဟာ ၁၈ ဒသမ ၁ ရခိုင်နှုန်းပဲ ဖြစ်ပါတယ်။

ကိန်းဂဏန်းတွေကို လိုက်ကြည့်တဲ့အခါမှာ ဦးသိန်းစိန်လက်ထက်မှာ အသုံးစရိတ်နဲ့ GDP အချိုးက မြင့်သလို၊ ရငွေနဲ့ GDP အချိုးကလည်း မြင့်ပါတယ်။ အန်အယ်လ်ဒီ လက်ရှိအစိုးရ လက်ထက်မှာတော့ အသုံးစရိတ်နဲ့ GDP အချိုးနိမ့်ပြီး ရငွေနဲ့ ဂျီဒီပီအချိုးလည်း နိမ့်ပါတယ်။ နောက်တခုရှိတာက လိုငွေနဲ့  GDP အချိုးပါ။ ဦးသိန်းစိန်လက်ထက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်နဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွေမှာ လိုငွေဟာ GDP ရဲ့ ၁ ရာခိုင်နှုန်းကျော်ကျော်နဲ့ ၂ နှစ်ဆက်တိုက် ထိန်းနိုင်တာ တွေ့ရပြီး လက်ရှိ အစိုးရလက်ထက်မှာတော့ လိုငွေဟာ GDP ရဲ့ ၄ ရာခိုင်နှုန်း အထက်မှာပဲ ရှိနေပါတယ်။

ကုန်သွယ်ရေးပိုင်း အားကောင်းလာသလား

နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ ပုဂ္ဂလိက အခန်းကဏ္ဍ ကုန်သည်တွေဘက်က ကြိုးစားအားထုတ်မှုတွေနဲ့ အတူ အစိုးရ ၀န်ကြီးဌာနဆိုင်ရာဘက်ကလည်း ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းတွေအတွက် များစွာ တာဝန်ရှိပါတယ်။ အဓိကအားဖြင့်တော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနလိုမျိုးမှာ ပိုတာဝန်ရှိတာပါ။ ပို့ကုန်ဈေးကွက် အခွင့်အလမ်းအတွက် ကြိုးစားကြရမှာ နိုင်ငံတကာနဲ့ အစိုးရချင်း ( G to G ) ညှိနှိုင်းမှုတွေ လိုသလို အစိုးရက ဦးဆောင်ပြီး နိုင်ငံတကာ ကုန်စည်ပြပွဲတွေမှာ သွားရောက် ပြသစေတာမျိုးတွေက မြန်မာနိုင်ငံလို ဖွံ့ဖြိုးစနိုင်ငံတွေမှာ ပိုလိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကို ကြည့်ရင် ပို့ကုန်အားနည်းပြီး သွင်းကုန်က များတာမို့ အမြဲလိုလို ကုန်သွယ်ရေး လိုငွေပြပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ ပို့ကုန်တိုးချဲ့ တင်ပို့နိုင်လာသလား ဆိုတာ ကိန်းဂဏန်းတွေကို ကြည့်ရမှာပါ။

ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက အများဆုံး ပို့နိုင်တဲ့ ပို့ကုန်ဝင်ငွေဟာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တုန်းက အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော် ရှိခဲ့ပါတယ်။ အခုအစိုးရလက်ထက်မှာတော့ ပြီးခဲ့တဲ့နှစ်က ၁၄ ဘီလျံကျော်အထိ ရတာကို တွေ့ရပါတယ်။ အရင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွေကတော့ ၁၁ ဘီလီယံကျော်စီပဲ ရခဲ့တာပါ။ ကုန်သွယ်ရေးမှာ ပို့ကုန်ထက် သွင်းကုန်များလို့ ကုန်သွယ်ရေးလိုငွေက နှစ်စဉ်ပြလာပါတယ်။

ကုန်သွယ်ရေးလိုငွေဟာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ၄ ဘီလီယံကျော်၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွေမှာ ၅ ဘီလီယံကျော်စီ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၄ ဘီလီယံ မပြည့်ခဲ့ပါဘူး။ ဒီလို ၅ ဘီလီယံ ၀န်းကျင်လောက် နှစ်စဉ်ပြနေတဲ့ လိုငွေအတွက် ဒေါ်လာလိုအပ်ချက်ဟာ ဈေးကွက်မှာ ရှိလာပါတယ်။ ဒီဒေါ်လာလိုအပ်ချက်က ဈေးကွက်မှာ ဒေါ်လာဈေး အမြင့်မှာ ရှိနေစေတဲ့ အချက်တွေထဲက အဓိက အကြောင်းအရင်းတခုလို့ ပြောလို့ရပါတယ်။ ဒေါ်လာငွေလဲနှုန်းမြင့်ပြီး မြန်မာငွေတန်ဖိုးကျနေတာကို ထိန်းဖို့ဆိုရင် ပို့ကုန်ကဏ္ဍ တိုးတက်မှ ဖြစ်မှာပါ။ လက်ရှိအချိန်မှာ မြန်မာ့ပို့ကုန်ကဏ္ဍက တိုးတက်မလာသေးတာမို့ မြန်မာငွေတန်ဖိုးဟာ အကျနဲ့ပဲ နေနေဦးမှာ ဖြစ်သလို ဒေါ်လာ လိုအပ်ချက်ကလည်း တိုးနေဦးမှာပါ။ ဒေါ်လာဈေးတွေ အတက်အကျ မကြမ်းအောင် ဈေးကွက်မှာ ငွေလဲနှုန်းငြိမ်ဖို့ ဆိုတာတွေကတော့ ငွေကြေးမူဝါဒကို ကိုင်တွယ်တဲ့ ဗဟိုဘဏ်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးအကြောင်း ပြောမယ်ဆိုရင်တော့ ဆက်ပြောရဦးမှာပါ။ အခုလောက်နဲ့လည်း မပြီးပြတ် မခြုံငုံမိပါဘူး။ ဒါပေမယ့် အရှိတရားကတော့ မြန်မာ့စီးပွားရေးဟာ ဘယ်နေရာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာသေးပါဘူး။ ကမ္ဘာ့ဘဏ်တို့ အေဒီဘီတို့ကတော့ နည်းနည်းလေးစီ ပြန်တက်နေတယ် ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အရင်ထက်စာရင် တိုးတက်မှုနှုန်း အများကြီး လျော့သွားပါတယ်။ နိုင်ငံတွေအလိုက် စီးပွားရေး လုပ်သာကိုင်သာရှိမှု အဆင့်သတ်မှတ်ချက် ( ease of doing business rank) တောင်မှ ၁၇၀ ရှေ့ မရောက်တော့ပါဘူး။ အဆင့် ၁၀၀ အတွင်းလောက် ၀င်ရင်ကို မြန်မာ့စီးပွားရေး စွမ်းဆောင်ရည်က နိုင်ငံတကာမျက်နှာစာမှာ အမှတ်ရမှာ အမှန်ပါပဲ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013