
ချင်းတွင်းမြစ်ရေ နှစ်စဉ်တိုက်စားခံနေရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကိုင်းရွှေတောင်ကျေးရွာမှာ မြစ်ရေတိုက်စားမှု အန္တရာယ် ကာကွယ်ဖို့ တိုင်းဒေသကြီး ငွေလုံးငွေရင်းဘတ်ဂျက်နဲ့ ရေကာတည်ဆောက်မယ်လို့ သိရပါတယ်။
ကိုင်းရွှေတောင်ကျေးရွာဟာ မြစ်ရေတိုက်စား ပျက်စီးပြိုကျနေတာကြောင့် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဇွန်လ ၇ ရက်က ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ကလေးဝမြို့နယ်အမတ် ဦးအောင်သန်းကျော်က မေးမြန်းခဲ့တာပါ။
“အဓိကကတော့ အဲဒီရွာက အဓိကလမ်းပေါ့။ သာရေး၊ နာရေးတွေမှာ သုံးတဲ့လမ်းက ပြိုတဲ့ထဲပါသွားပြီ။ နှစ်စဉ် အိမ်တွေလည်း ဆုတ်ဆုတ်နေရတာ။ ကြာတော့ သိပ်အဆင်မပြေတော့ဘူး။ အဲဒီရွာက ရေဦးတိုက်သလို ဖြစ်နေတာ။ ကျန်တဲ့ရွာတွေထက် ဆိုးတယ်။ ဒါကြောင့် ကွင်းဆင်းကြည့်ပြီး မေးမြန်းခဲ့တာပါ” လို့ ကလေးဝမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်းကတော့ အခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ၁၂ လ ဘတ်ဂျက်မှာ မြစ်ရေတိုက်စားမှုက ကာကွယ်နိုင်ဖို့အတွက် ငွေကျပ်သိန်းပေါင်း ၆၀၀၀ လျာထားတောင်းခံထားပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည် ဆက်လက်လုပ်ဆောင်သွားမယ်လို့ လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကိုင်းရွှေတောင်ကျေးရွာက လူနေအိမ်ခြေ ၇၀ ကျော်ရှိပြီး မြစ်ရေတိုက်စားလို့ ကမ်းပါးပြိုတဲ့ အလျားက ပေ ၁၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။











