DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်၌ ကျောင်းသားငယ်များ ချောင်းရေနှင့်မျောပါပြီး ၁ ဦးသေ၊ ၂ ဦးပျောက်ဆုံး
DVB
·
June 8, 2018
ဆောမြို့နယ်၌ ကျောင်းသားငယ်များ ချောင်းရေနှင့်မျောပါပြီး ၁ ဦးသေ၊ ၂ ဦးပျောက်ဆုံး
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှာ ​​တက်ရောက်နေတဲ့ ဂျလောင်တောတွင်းဆင်စခန်းက ကလေးငယ် ၆ ဦး ချောင်းရေထဲ မျောပါသွားပြီး ၁ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံးကာ ၃ ဦးကိုတော့ အသက်ရှင် ပြန်တွေ့ခဲ့ပါတယ်။

ဇွန်လ ၇ ရက်ညနေ ကျောင်းဆင်းချိန်မှာ လာကြိုတဲ့ ကျောင်းသားတဦးရဲ့ မိခင်နဲ့အတူ ချုပ်ချောင်းရိုးအတိုင်းတက်ပြီး ဂျလောင်တောဆင်ဝိုင်းကို ပြန်သွားချိန်မှာ ချောင်းရေကျလို့ ကလေးတွေ ရေထဲ မျောပါသွားခဲ့တာပါ။

ရေထဲမျောသွားတဲ့ ကလေး ၆ ဦး၊ လူကြီး ၁ စုစုပေါင်း ၇ ဦးထဲက ကလေး ၃ ဦးကို မနေ့ညက အသက်ရှင်လျက် ပြန်တွေ့ခဲ့ပေမယ့် ၁ ဦးကတော့ ဒီမနက်မှာ အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။

ကျန်နေတဲ့ လူကြီး ၁ ဦးနဲ့ ကလေး ၂ ဦးကိုတော့ အခုချိန်ထိ ပြန်မတွေ့သေးဘူးလို့ ကလေးတွေကို ကူညီပေးနေတဲ့ မသီတာခိုင်က ပြောပါတယ်။

“သီးကုန်းကျေးရွာနဲ့ ဂျလောင်နဲ့က နှစ်မိုင်လောက်ဝေးတယ်လေ။ အဲဒီကနေ ကျောင်းလာတက်တာလေ။ ချောင်းကတော့ ချုပ်ချောင်းဆိုတဲ့ ချောင်းတခုပါပဲ။ အဲချောင်းကို သုံးခါလောက် ကူးနေရတာ။ ကွေ့လိုက်ပတ်လိုက်နဲ့လေ။ အဲမှာ ပထမဆုံးချောင်းကိုတော့ လွတ်သွားတယ်။ နောက်ဆုံးချောင်းကိုတော့ မလွတ်ဘဲ မျောပါသွားကြတာ။ ကလေးက ၆ ယောက်၊ လာကြိုတဲ့လူကြီးက တယောက် မျောသွားတာ။ မျောသွားတော့ ကလေး ၃ ယောက်က မိုးချုပ်တော့ ပြန်တွေ့တယ်။ ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး ၁ ယောက် ပြန်တွေ့ပြီးတော့ နောက် ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး ၁ ယောက်ကို ပြန်မတွေ့တော့ဘူး။ ဒီမနက်မှ ယောကျာ်းလေး အလောင်းတလောင်း ပြန်တွေ့တယ်။ လာကြိုတဲ့လူကြီးအလောင်းက အခုထိ မတွေ့သေးဘူး။”

အသက်ရှင်လျက် ပြန်တွေ့တဲ့ ကလေး ၃ ဦးကတော့ မပန်မနား၊ မောင်ပိုင်းဟုန်းနဲ့ မောင်ထန်းဟုန်းတို့ဖြစ်ကြပြီး ကြီးကြီးမားမား ဒဏ်ရာတွေ မရခဲ့ပေမယ့် ဘာမှ မေးလို့မရအောင် ငိုယိုကြောက်လန့်နေကြတယ်လို့လည်း ပြောပါတယ်။

ရေထဲမျောပါတဲ့ ကလေးတွေဟာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ အတန်းတက်နေကြတဲ့ ကလေးငယ်တွေဖြစ်ပြီး ကျောင်းနဲ့ နှစ်မိုင်လောက်ဝေးတဲ့ နေရာကနေ နေ့တိုင်း လမ်းလျှောက်ပြီး ကျောင်းလာတက်ကြရတာပါ။

“ကျောင်းက တောထဲကနေ ခြေလျှင်နဲ့လာရတာ။ သူတို့က စားဝတ်နေရေး အဆင်မပြေဘူး။ သူတို့နေတာ ရွာရယ်လို့ မဟုတ်ဘူး။ ဆင်စခန်းဟိုနားမှာ တစု၊ ဒီနားမှာတစု အဲလိုနေနေကြတာပေါ့။ အဲဒီကနေပြီးတော့ သီးကုန်းဆိုတဲ့ နှစ်မိုင်လောက်ဝေးတဲ့ရွာကို ကျောင်းလာတက်တာ။ ကလေးတွေလာလို့ရှိရင် ထမင်းချိုင့်တွေ ဘာတွေ ပါမလာဘူး။ မပါလာတော့ ထမင်းမစားရဘူးပေါ့နော်။ ဆန်ကွဲနဲ့ အရွက်တွေနဲ့ ပြုတ်ပြီးတော့ စားတာ။ အဲတော့ အစ်မတို့က တပတ်ကိုသုံးကြိမ် ထမင်းဘူးတွေကို သွားသွားဝေပေးတာ။ မနှစ်ကနေ တနှစ်လုံး ကျောင်းဝတ်စုံတွေ၊ ကျောပိုးအိတ်ကအစ အစ်မတို့က တောက်လျောက်လှူပေးနေတာပေါ့။”

ပျောက်ဆုံးနေဆဲဖြစ်တဲ့ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက်ကိုတော့ ဆောမြို့နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။

သီးကုန်းကျေးရွာဟာ ဆောမြို့နဲ့ လေးမိုင်လောက်ဝေးပြီး ဂျလောင်တောကတော့ ခြောက်မိုင်လောက်ဝေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013