DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးဆောင်ရွက်သူ ၂ဦးဖမ်းဆီးခံပြီး အာမခံရရှိ
DVB
·
June 7, 2018
ထိုင်းနိုင်ငံတွင် အလုပ်သမားအရေးဆောင်ရွက်သူ ၂ဦးဖမ်းဆီးခံပြီး အာမခံရရှိ
Donate to DVB

ထိုင်းနိုင်ငံရောက်  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေတဲ့ အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (ယာယီဖျက်သိမ်း)က အဓိက ခေါင်းဆောင် ဦးခိုင်ကြီးနဲ့ ကိုရဲမင်းတို့ကို ဖစ်ခ်ျပူရီခရိုင်မှာ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ အပတ်က ဖစ်ခ်ျပူရီခရိုင် ခေါင်ယွဲ့မြို့နယ်မှာ တေးဂီတဖျော်ဖြေပွဲ လုပ်ဖို့ ရန်ပုံငွေသွားရောက်ရှာဖွေစဉ် ထိုင်းနိုင်ငံသားတချို့နဲ့ ခိုက်ရန်ဖြစ်ပွား ထိခိုက် ဒဏ်ရာရသူတွေရှိတာကြောင့် တဘက်နဲ့တဘက်အပြန်အလှန် တရားစွဲဆိုခဲ့ကြတာပါ။

အေအေစီအဖွဲ့ဘက်က ဦးခိုင်ကြီး၊ ကိုရဲမင်းနဲ့ ကိုဇင်ဖြိုးတို့ ၃ ဦး တရားစွဲခံထားရပြီး  ပြီးခဲ့တဲ့ ဇွန်၅ ရက်က ဖစ်ခ်ျပူရီခရိုင်တရားရုံးမှာ အမှုကြားနာပြီးတဲ့နောက် ကိုဇင်ဖြိုးဟာ အာမခံငွေ ဘတ် ၂၅၀၀၀ခွဲနဲ့ ပြန်လွတ်လာပေမယ့် ကျန်နှစ်ယောက်ကို အာမခံမပေးတဲ့အပြင် လက်ထိပ်ခတ် ကတုံးတုံးကာ ဖစ်ခ်ျပူရီခရိုင် အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ အာမခံနဲ့ ပြန်လွတ်လာတဲ့ ကိုဇင်ဖြိုးက ဒီဗွီဘီကို ပြောပါတယ်။

“တရားရုံးမှာ တရားသူကြီးကိုယ်တိုင်က ကျနော်တို့သုံးယောက်လုံးကို အာမခံပေးမယ်ပြောပြီးပြီ။ ကျနော်တို့လည်း အာမခံအတွက်ပေးဖို့ငွေစောင့်နေတုန်းမှာဘဲ  ထိုင်းဘက်က အရာရှိတဦးက တရားရုံးကိုပြောလာတယ်တဲ့၊ ဆရာဦးခိုင်နဲ့ ကိုရဲမင်းကို အာမခံမပေးဖို့၊ အဲဒါနဲ့ သူတို့ နှစ်ယောက်ကို အာမခံပယ်ချလိုက်တယ်။ ကျနော်တယောက်ထဲ ဘဲ ဘတ် ၂၅၀၀၀နဲ့ အာမခံရတယ်။ အဲကနေ တရားရုံးကနေပြီး သူတို့ နှစ်ယောက်ကို ထောင်ကြီးထဲကို တန်းပို့ပစ်တယ်။ ပို့တာတောင်မှ လက်ထိပ်ကို နောက်ပြန် ခတ်တယ်။ ထောင်ထဲရောက်တာနဲ့ တန်းပြီး ကတုံးတုံးပစ်တယ်။ ကျနော်တို့သိထားတာက ထောင်ကျတဲ့တရားခံတွေကိုဘဲ ထောင်ထဲရောက်ပြီး ၁ ပတ် ၂ ပတ်နေမှ တုံးတာလေ၊ အခုက အမှုစီရင်ချက်တောင် မချသေးဘူး။”

ဦးခိုင်ကြီးနဲ့ ကိုရဲမင်းတို့ လွတ်မြောက်ရေးအတွက် ကိုရဲမင်း အလုပ်လုပ်ရာ ရတ်ထိုင်း ဖောင်ဒေးရှင်းတာဝန်ရှိသူတွေက ထိုင်းရှေ့နေတွေနဲ့ တိုင်ပင်ဆောင်ရွက်နေရာမှာ ဒီကနေ့ အာမခံရပြီလို့ ကြားသိရပြီး ညနေကျရင် ပြန်လွှတ်မှာဖြစ်ကြောင်း ကိုဇင်ဖြိုးက ပြောပါတယ်။

အေအေစီအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၂၅ ရက်က ဖစ်ခ်ျပူရီခရိုင် ခေါင်ယွဲ့မြို့ရှိ မြန်မာ အလုပ်သမားတွေရာနဲ့ချီပြီးအလုပ်လုပ်တဲ့ စီဒီပြားစက်ရုံမှာ စတိတ်ရှိုးရန်ပုံငွေအတွက် ဦးထုပ် တွေ သွားရောက်ဖြန့်ဝေခဲ့ပါတယ်။

ဖြန့်ဝေစဉ်မှာ အရင်ကသူတို့အဖွဲ့နဲ့ မသင့်မမြတ်ဖြစ်ခဲ့ဖူးသူ ပွဲစားအမျိုးသမီးတဦးက လာရောက်မောင်းထုတ်ပြီး သူ့ဘက်ကလူတွေနဲ့ စတင်ရိုက်နှက်ခဲ့ကြောင်း၊ သူတို့ကလည်း ပြန်ရိုက်တဲ့အတွက် နှစ်ဘက်လုံး ထိခိုက်ဒဏ်ရာရသူရှိလို့ အပြန်အလှန်တရားစွဲခဲ့ကြောင်း၊ ဒါပေမယ့် ရဲစခန်းက အေအေစီအဖွဲ့ကိုပဲ အရေးယူခဲ့တာလို့ အေအေစီက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013