DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းပြီးသူများကို ကိုယ်ပိုင်လုပ်ငန်း စီစဥ်ပေးမည်ဟု ဆိုပြန်
DVB
·
May 9, 2026
Photo: DSINFO 
Photo: DSINFO 
Donate to DVB

သက်တမ်းပြည့်အောင် စစ်မှုထမ်းပြီးသူတွေကို အစိုးရဝန်ထမ်း ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း လုပ်ချင်ရင် စီစဥ်ပေးသွားမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ‘စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမူကော်မတီ’က မက်လုံးပေး ထုတ်ပြန် ပါတယ်။

စစ်မှုထမ်းသက်တမ်းပြည့်ရင် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရရှိအောင် စီစဥ်ပေးမယ်လို့ အရင်က ပြောဆိုခဲ့ဖူးပေမဲ့ လက်တွေ့ဘာတခုမှဖြစ်မလာဘဲ အခုတကြိမ်မှာလည်း အစိုးရဝန်ထမ်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက်ပါ စီမံပေးမယ်လို့ ထပ်ပြီးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်တာက လက်ရှိစစ်မှုထမ်းနေသူတွေကို သက်တမ်းပြည့်တဲ့အထိနေအောင်နဲ့ လူသစ်တွေ ခေါ်ရလွယ်အောင် စည်းရုံးတဲ့သဘောဖြစ်ပြီး အမှန်တကယ်လုပ်ပေးမယ်လို့လည်း ယုံကြည်ရခက်ကြောင်း အငြိမ်းစားစစ်မှုထမ်းတယောက်က ပြောပါတယ်။

“စစ်မှုထမ်းဟောင်းတွေ တပ်ကထွက်လိုက်ပြီဆိုရင် ပြန်ကြည့်တာမဟုတ်ဘူး။ အစဥ်အဆက် ဒီအတိုင်းပဲ။ အခုက အစပိုင်းဆွယ်တာ၊ စစချင်းတော့ ဝါဒဖြန့်ဖို့လုပ်ပြလိမ့်မယ်။”

ပြည်သူ့စစ်မှုထမ်း အသိအမှတ်ပြုလက်မှတ်ရရှိထားသူတွေအနေနဲ့ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီဝန်ထမ်း လုပ်ကိုင်လိုသူတွေ၊ ကိုယ့်ရပ်ရွာအတွင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့  ကော်မတီက ဆိုပါတယ်။

သက်တမ်းပြည့် စစ်မှုထမ်းပြီးသူတွေအလုပ် အကိုင်အခွင့်အလမ်း ရရှိဖို့အခက်အခဲရှိရင် ဆက်သွယ် ရမဲ့ ဖုန်းနံပါတ်တွေလည်း ထည့်သွင်းဖော်ပြထားပါတယ်။

စစ်မှုထမ်းပြီးသူတွေအတွက် ပြည်ပအလုပ်အကိုင်ချိတ်ဆက် ရှာပေးဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ဧပြီလအတွင်းက အသိပေးပြောဆိုထားတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေ ဆီက သိရပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တယောက်က “မဖြစ်မနေ လုပ်ပေးရမယ်တော့ မဟုတ်ဘူး။ ပူးပေါင်းကူညီပေးဖို့ခေါ်ပြောတာ” လို့ ပြောပါတယ်။

သက်တမ်းပြည့် စစ်မှုထမ်းပြီးရင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရရှိအောင် စီစဥ်ပေးမယ်လို့ စစ်အာဏာရှင်ဘက်က မက်လုံးပေးခဲ့ပေမဲ့ လက်တွေ့လုပ်ဆောင်တာ မရှိဘူးလို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေ  သိရပါတယ်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းဆင့်ခေါ်တာကို ၂၀၂၄ ဧပြီလမှာ စတင်ခဲ့ပြီး အစောပိုင်း အပတ်စဥ်တွေ  စစ်မှုထမ်းသက်တမ်း ၂ နှစ်ပြည့်ပေမဲ့  အိမ်ပြန်ခွင့်ရသူအ ရေအတွက်နည်းပါးပြီး အများစုမှာ စာရင်းပျောက်နေတာမျိုးတွေ ရှိနေပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ၅၀၀၀ ကျော်ထဲမှာ ၂၀၀၀ ကျော်ပဲ ပြန်ရောက်လာပြီး  လူငယ် ၃,၀၀၀ ကျော်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီး ပျောက်ဆုံးနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)က  စောင့်ကြည့်သုတေသနလုပ်ပြီး ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013