DVB Logo
Home
Lead Story
အပစ်ရပ်ဖို့အမိန့်ပေးရင် တကယ်ရပ်မှာလား
DVB
·
June 7, 2018
အပစ်ရပ်ဖို့အမိန့်ပေးရင် တကယ်ရပ်မှာလား
Donate to DVB

ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ”ကချင်ပြည်နယ် စစ်ဆင်ရေးလုပ်ငန်းများကို ရပ်တန့်ပေးရန် သမ္မတဦးဝင်းမြင့်က ဥပဒေနဲ့အညီ ညွှန်ကြားလာပါက တပ်မတော်အနေနှင့် လိုက်နာရန် အသင့်ရှိကြောင်း” ဖြေကြားသွားတယ်လို့သတင်းမီဒီယာတွေမှာ ဖြေကြားသွားခဲ့တယ်။

“ဥပဒေနဲ့အညီ” လို့ ဆိုလိုက်တော့ စဉ်းစားစရာတွေက အများသား။ ဘယ်ဥပဒေနဲ့အညီကို ပြောချင်တာလဲ။ ဒီအတွက် ဆက်စပ်ဥပဒေတွေကို ခြေရာခံကြည့်တော့ (က) မတရားသင်းအက်ဥပဒေ၊ (ခ) ၁၉၅၉ တပ်မတော်အက်ဥပဒေ၊ (ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို အခြေပြု စောကြောမိတယ်။

ဒါတွေကိုမလေ့လာမီ ပထမဆုံး ချင့်ချိန်ရမှာက "တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အကြမ်းဖက်အဖွဲ့အစည်း (သို့) သောင်းကျန်သူတွေ ဖြစ်သလား” ဆိုတဲ့ အချက်ပါ။ ဒီလိုမျိုးက “ကိုယ့်အတ္တနောမတိ” နဲ့ ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်။ နိုင်ငံတော်နဲ့ ဆိုင်သလို လွှတ်တော်ကနေ အဆုံးအဖြတ်ပြု သတ်မှတ်ပေးရမှာပါ။ အဆုံးအဖြတ်ပေးခဲ့တဲ့ သာဓကတွေလည်း ရှိတယ်။

၂၀၁၇ ခုနှစ်ထဲမှာပဲ ရှမ်းပြည်နယ်လွှတ်တော်က “အကြမ်းဖက် သောင်းကျန်းသူ” လို့ သတ်မှတ်ဖို့ကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ သောင်းကျန်းသူ သတ်မှတ်ရေးဘက်က အနိုင်ရခဲ့တယ်။ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တော့ သောင်းကျန်းသူလို့ မသတ်မှတ်ရေးဘက်က အနိုင်ရခဲ့ပါတယ်။ အဆိုဘက်က ရှုံးနိမ့်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်က ဘယ်လိုပင် ဆုံးဖြတ်ချက်ပေးခဲ့ပေမယ့် ပြည်ထောင်စုအဆင့် ဖြစ်တဲ့ ပြည်သူ့လွှတ်တော်က လွှမ်းမိုးတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ “သောင်းကျန်းသူ” များ မဟုတ်သလို ၂၀၁၄ အကြမ်းဖက်ဥပဒေနဲ့လည်း သက်ဆိုင်မှု မရှိတော့ပါဘူး။

နောက်တခုဖြစ်တဲ့ မတရားအသင်း အက်ဥပဒေနဲ့ ချိန်ထိုးကြည့်ပါမယ်။ မတရားသင်း အက် ပုဒ်မ (၁၅-က၊ခ) နဲ့ ပုဒ်မ ၁၆ အရလည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြော်ငြာစာနဲ့ မတရားသင်းအဖြစ် ကြေညာချက် ထုတ်ပြန်တာလည်း မရှိခဲ့ပါ။ မတရားသင်းအဖြစ် ကြေညာချက် ထုတ်ပြန်ထားတာ မဟုတ်တဲ့အတွက် ပုဒ်မ ၁၇(၁-၂) အရလည်း လုပ်ဆောင်နိုင်ခြင်း ရှိမည်မဟုတ်ဟု ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ ကာလစဉ်အတွင်းမှာ အချို့သော သက်ညှာမှုရှိသင့်သလို အမုန်းပွားစေမယ့် ကိစ္စရပ်များကို သတိပြု ရှောင်ရှားသင့်တဲ့ ကာလပါ။ ဒီအတွက်ကြောင့် သောင်းကျန်းသူဆိုတဲ့ အမြင်နဲ့ မကြည့်သင့်သလို မတရားအသင်း ဥပဒေအရလည်း အကျုံးမဝင်ကြောင်း တွေ့နိုင်ပါတယ်။

သို့ဆိုခဲ့ရင် ၁၉၅၉ တပ်မတော်အက်ဥပဒေအရ နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာကို လေ့လာဖို့ လိုပါတယ်။ ဒီဥပဒေဟာ အခုချိန်ထိ သက်ဝင်နေဆဲ ဖြစ်တယ်။ ၁၉၅၉ တပ်မတော်အက်ဥပဒေပုဒ်မ ၂၃၂ အရ နိုင်ငံတော်သမ္မတကို တပ်မတော်အက်ဥပဒေအရ နည်းဥပဒေများ၊ စည်မျဉ်းဥပဒေများ ပြုလုပ်ရန် အပ်နှင်းထားသလို နိုင်ငံတော်သမ္မတသည် တရားဥပဒေနှင့်ညီသော အမိန့်ကြေညာချက်၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေများ ထုတ်ပြန်၍ တပ်မတော်အား လိုက်နာစေနိုင်သည်။” လို့ ဆိုပါတယ်။ ဒါတွေဟာ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေပါ သမ္မတကို အပ်နှင်းထားတဲ့ အခွင့်အာဏာများ ဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) တပ်မတော်ကဏ္ဍ၊ ပုဒ်မ ၃၉၉ မှာ “နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။” လို့ ဆိုထားပြန်ပါတယ်။ ဒါပေမယ့် အခန်း (၁) အခြေခံမူများ ပုဒ်မ (၁၆) မှာတော့ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်” လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာကို ပုဒ်မ ၅၇ နဲ့ ၅၈ အရ အမြင့်ဆုံးပေးထားပါတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုသလို နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်နေရာကို ရထားပါတယ်။ ပုဒ်မ ၁၉၉ အရလည်း အုပ်ချုပ်ရေးအကြီးအကဲဟာ သမ္မတဖြစ်တယ်။ ပုဒ်မ ၄၇ အရလည်း နိုင်ငံတော် ဆိုတာ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှုအာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို ဆိုလိုသည်” လို့ ဖွင့်ပါတယ်။

ဘယ်လိုပဲ ဥပဒေက ပြဋ္ဌာန်းထားပေမယ့် ပုဒ်မ ၄၈ အရကတော့ အခြေခံမူတွေဟာ အခြားပြဋ္ဌာန်းချက် ဥပဒေတွေ အနက်ဖွင့်ဖို့ လိုက်နာရမယ့်လမ်းညွှန် ဖြစ်သလို အားလုံးကို လွှမ်းခြုံထားတာ ဖြစ်တဲ့အတွက် သမ္မတရဲ့ အခွင့်အာဏာဟာ အမြင့်ဆုံးမှာရှိနေတာ ဖြစ်တယ်။ ဒါ့အပြင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကိုလည်း သမ္မတက ဦးဆောင်ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် သမ္မတရဲ့ အခွင့်အာဏာအရ စစ်ပြုခြင်း၊ စစ်ရပ်စဲခြင်းတွေကို ထုတ်ပြန်ကြေညာခွင့်တွေ ရရှိထားတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

ဒီအခြေခံအကြောင်းတရားများပေါ်ကနေ သမ္မတရဲ့ အခွင့်အာဏာကို အသုံးချပြီး ကချင်စစ်ပွဲများကိုသာမက ပြည်တွင်းစစ်များကိုပါ အပစ်အခတ်ရပ်စဲဖို့ ဥပဒေအရ အခွင့်အာဏာ ရှိပါတယ်။

အမိန့်ကြေညာချက် ထုတ်ပြန်ခြင်း ရှိ၊ မရှိကတော့ သမ္မတရဲ့ ဆင်ခြင်တုံတရားအပေါ် မူတည်နေတာပါ။ အကယ်လို့ သမ္မတက အမိန့်ကြေညာချက် တစုံတရာ ထုတ်ပြန်ဖို့ တုံ့နှေးနေရင်တောင်မှ ပုဒ်မ ၉၆ ပေးထားချက်အရ ဇယား (၁) ပါ အချက်တွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုတဝန်းလုံးကိုသော်လည်းကောင်း၊ ပြည်ထောင်စုရဲ့ တစိတ်တဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်ဖို့ ဥပဒေပြုခွင့်ရှိတယ်လို့ ဆိုပါတယ်။

ဖော်ပြချက်အရ ဇယား (၁) ပါ (င) မှာ စစ်ကြေညာခြင်းနှင့် စစ်ပြေငြိမ်းခြင်းလို့ ဆိုထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေပြုပြီး စစ်ရပ်စဲရေးကို လုပ်ဆောင်တယ်လို့လည်း ရရှိပါကြောင်း ဖော်ပြလိုက်ပါတယ်။

လုပ်ဆောင်မှု ရှိခြင်း၊ မရှိခြင်းကတော့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့် နိုင်ငံတော်သမ္မတရဲ့ ဆင်ခြင်တုံတရားကိုပဲ စောင့်ကြည့် အကဲခတ်ကြရမှာ ဖြစ်ကြောင်းပါ။

ထွန်းဇော်ဋ္ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013