
စိတ်ကျန်းမာရေးနဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းမှ ကာကွယ်ပေးနိုင်ရေးတို့အတွက် ဖန်တီးထားတဲ့ မိုဘိုင်းအက်ပလီကေးရှင်းတခုဖြစ်တဲ့ ShinThan Application ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၁၁ ရက်က မိတ်ဆက်ခဲ့ပါတယ်။
ဒီ အက်ပလီကေးရှင်းလေးကိုတော့ Senerity Counseling and Mental Health Services က ဦးဆောင်မိတ်ဆက်ခဲ့တာပါ။
စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးသူလည်းဖြစ် Senerity Counseling and Mental Health Services ရဲ့ တည်ထောင်သူလည်းဖြစ်တဲ့ အက်ဂ်နက်စ်မယ်ရီကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆိုတာ ပုံမှန် ဂရုစိုက်ပေးဖို့ လိုအပ်တဲ့ အရာတခု ဖြစ်တယ်လို့ ပြောပါတယ်။
“ရှင်သန် အက်ပ်လေးမှာ ကျမတို့က အဆုံးစီရင်မှုကို တားဆီးဖို့ နည်းလမ်းတွေပဲ မဟုတ်ဘဲ၊ နေ့စဉ်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လို့ ရတဲ့ နည်းလမ်းလေးတွေ၊ စိတ်ရှုပ်တဲ့အခါမှာ ဘာလေးတွေ လုပ်လို့ရလဲဆိုတဲ့ စိတ်တည်ငြိမ်စေမဲ့ နည်းလမ်းလေးတွေ၊ ပြီးတော့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မှားယွင်းတဲ့ အယူအဆတွေ ရှိတယ်။ အဆုံးစီရင်မှုနဲ့ ပတ်သက်ရင်လည်း လွဲမှားနေတဲ့ အယူအဆတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်တဲ့ ပညာပေးတဲ့ဟာလေးတွေကိုလည်း ထည့်ထားတယ်ပေါ့နော်။ ဆိုတော့ ဥပမာပေးရရင် သစ်ပင်တပင်ကို တချက်တည်းခုတ်ပြီး လဲသွားတာ မဟုတ်ဘူးပေါ့နော်၊ အချက်ပေါင်းများစွာ ခုတ်ခံရပြီးတော့ နောက်ဆုံးတချက်က သူ့ကို လဲသွားစေတာဆိုတော့ အချက်ပေါင်းများစွာ ခုတ်ခံရတာ မဖြစ်အောင် စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်လို့ ရတဲ့ နည်းလမ်းလေးတွေကိုလည်း ရှင်သန် အက်ပ်ထဲမှာ ထည့်ထားတယ်။ ဆိုတော့ suicide prevention app ဆိုသည့်တိုင်အောင် အဆုံးစီရင်မှုကို တားဆီးဖို့ ဆိုရင် အဆုံးစီရင်ချင် စိတ်ပေါက်တော့မှ မဟုတ်ဘဲနဲ့ အဲ့ထက်ရှေ့မှာ အများကြီး စောပြီးတော့ တားဆီးလို့ရတယ်ဆိုတဲ့ မက်ဆေ့လေးကိုလည်း ပေးချင်ပါတယ်။”
ဒီ ShinThan (ရှင်သန်) အက်ပ်ကို Android နဲ့ IOS နှစ်မျိုးစလုံးမှာ ဒေါင်းလုဒ် ရယူနိုင်ပြီး ဒေါင်းလုဒ် လုပ်ပြီးပါက အင်တာနက် ကောင်းမွန်ခြင်း မရှိတဲ့ နေရာတွေမှာလည်း offline ဆက်လက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအတွက် အထူးရည်ရွယ်တာဖြစ်တဲ့အတွက် ဒီအက်ပ်ကို မြန်မာဘာသာနဲ့ အဓိက အသုံးပြုနိုင်သလို အင်္ဂလိပ်ဘာသာနဲ့လည်း ရရှိအောင် ဖန်တီးပေးထားတယ်လို့လည်း သိရပါတယ်။
အသုံးပြုသူတွေအနေနဲ့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထုတ်ဖော်ဖို့မလိုဘဲ အသုံးပြုနိုင်ပြီး အီးမေးလ်လိပ်စာနဲ့ ဝင်ရောက်အသုံးပြုသူတွေအနေနဲ့လည်း နာမည်ရင်းကို ဖော်ပြဖို့မလိုတဲ့ လိပ်စာအကောင့်တွေနဲ့ အသုံးပြုနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီအက်ပ် မိတ်ဆက်ပွဲမှာ “ကိုယ်ပိုင် အတွေ့အကြုံများမှ အသက်ကယ်တင်နိုင်သော အပြောင်းအလဲ ဆီသို့” ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲတခုလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒီစကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ Expressive Arts Therapist တယောက်လည်း ဖြစ်တဲ့ ဒေါက်တာမေက “ရွှေ့ပြောင်းနေထိုင်ရသူတွေအနေနဲ့ ဘာသာစကား၊ ဘာသာရေးနဲ့ လူမှုအသိုက်အဝန်းရဲ့ တံဆိပ်ကပ်ခံရမှု (Stigma) တွေကြောင့် စိတ်ကျန်းမာရေး အကူအညီ တောင်းခံဖို့ အတားအဆီးတွေ ဖြစ်နေကြရပါတယ်။ အထူးသဖြင့် မပြီးဆုံးနိုင်တဲ့ နေ့စဉ်စိန်ခေါ်မှု တွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှု လက္ခဏာတွေ အများကြီး တိုးလာနေတာကို တွေ့ရပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အခုလိုမျိုး မြန်မာဘာသာနဲ့ အခမဲ့ အသုံးပြုနိုင်တဲ့ စိတ်ကျန်းမာရေး အက်ပလီ ကေးရှင်း တွေဟာ ငွေကြေးနဲ့ ဘာသာစကား အခက်အခဲရှိသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပညာပေးမှုနဲ့ အကူအညီတွေကို ပိုမို လက်လှမ်းမီစေနိုင်တယ်လို့လည်း ဆိုပါတယ်။
မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်ရေး အသိပညာပေးလ ဖြစ်တဲ့ စက်တင်ဘာလတုန်းက ရန်ကုန်မြို့မှာ ရှင်သန်အက်ပလီကေးရှင်းကို မိတ်ဆက်ခဲ့ပြီး မြန်မာလူမှုအသိုင်းအဝိုင်းများစွာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာလည်း ဒီအက်ပလီကေးရှင်းကို တိုးချဲ့မိတ်ဆက်ခဲ့ကြတာပါ။
အောက်တိုဘာလ ၁၁ ရက်မှာဆိုရင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့တို့မှာ တပြိုင်တည်း မိတ်ဆက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာလည်း ပံ့ပိုးမှု ကူညီမှုတွေနဲ့ ဆက်လက်ပြီးတော့ တခြား နေရာဒေသတွေမှာလည်း ဆက်လက်လုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။











