
သစ်ပင်ချစ်တတ်လာစေဖို့ ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သစ်ေတာဦးစီးဌာနက ဒေသခံတွေထံ အိမ်တိုင်ရာရောက်သွားပြီး အရိပ်ရပင်နဲ့ အဖိုးတန်သစ်ပင် ပျိုးပင်တွေ အခမဲ့ လှည့်လည် ဖြန့်ဝေပေးနေပါတယ်။
ဇွန် ၆ ရက်က အခုလိုရပ်ကွက်တွေထဲလှည့်ပြီး အိမ်တိုင်ရာရောက် အခမဲ့ပျိုးပင်ဖြန့်ဝေတာကို ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး မန်ကျည်း၊ ကုက္ကို၊ တမာ၊မယ်ဇယ်၊စိန်ပန်း၊ ခရေ တွေအပင် အဖိုးတန်သစ်မျိုးဖြစ်တဲ့ ကျွန်း၊ ပိတောက်စတဲ့ ပျိုးပင်ပေါင်း ၂၀၀၀ ခန့်ကို မန်ကျည်းပင်ဈေး၊ သာစည်ဈေး၊ မြဝတီရပ်ကွက်၊ ချမ်းမြဝတီရပ်ကွက်တွေမှာ လှည့်လည်ဝေငှပေးခဲ့တာဖြစ်ပါတယ်။
မုံရွာမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုဦးက "အဓိကကတော့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်စိုက်တာ စိတ်ဝင်စားလာစေရေး၊ သစ်ပင်တွေကို ချစ်တတ်လာစေရေးကို ရည်ရွယ်ပြီးလုပ်ဆောင်တာပါ။ ပုံမှန်အားဖြင့်တော့ ပျိုးပင်တွေကို သစ်တောဦးစီးဌာန ပျိုးဥယျာဉ်မှာလည်း အခမဲ့ ပေးဝေနေပါတယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်းတင်မက အစု၊ အဖွဲ့တွေနေနဲ့ လာရောက်တောင်းယူနိုင်ပါတယ်။ အခမဲ့ လူထုဖြန့်ဝေခြင်းတွေကို လုပ်ဆောင်ပေးနေပါတယ်။"လို့ ဒီဗွီဘီကိုပြောပါတယ်။
ဇွန်လ ၇ ရက်မှာလည်း ချောင်းဦးမြို့နယ်မှာ အိမ်တိုင်ရာရောက်ပျိုးပင်တွေ သွားရောက်ဖြန့်ဝေပေးမှာဖြစ်ပါတယ်။
အခုနှစ် မိုးရာသီမှာ မုံရွာမြို့နယ်သစ်တောဦးစီးဌာနကနေ ပျိုးပင်ပေါင်း ၆၈၀၀၀ ပင်ကို အခမဲ့ဖြန့်ဝေပေးဖို့ရှိပြီး မုံရွာမြို့နယ်အတွက် ပျိုးပင်ပေါင်း ၅၀၀၀၀၊ ချောင်းဦးမြို့နယ်အတွက် ပျိုးပင် ၁၈၀၀၀ တို့ကို အလျဉ်းသင့်သလို ဖြန့်ဝေဖို့ အစီအစဉ်ရှိပါတယ်။











