နိုင်ငံရေးအကျဉ်းသား ၂၀ ကော်် လတ်ြမြောက်
နော်နိုရင်း
·
July 3, 2012

ဒီနေ့ဝါဆိုလပြည့်နေ့မှာ ထုတ်ပြန်တဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်လောက် ပြန်လွတ်လာကြပါတယ်။
နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်နိုင်ခွင့်ရဖို့နဲ့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အမျိုးသမီး အကျဉ်းသား ၉ ဦး အပါအဝင် မြန်မာနိုင်ငံသား အကျဉ်းသား ပေါင်း ၄၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှာ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါလာတာ ဖြစ်ပါတယ်။
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား ၄၆ ဦး ထဲမှာ နှစ်ရှည်နိုင်ငံရေး အကျဉ်းသား ၉၆ မျိုးဆက် ဗကသ ကျောင်းသားခေါင်းဆောင် ကိုအေးအောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် လွတ်လာတဲ့ စာရင်းရပြီလို့ ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ပြောပါတယ်။
ပြန်လွတ်လာသူတွေထဲက အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၁၁ ဦး လွတ်မြောက်လာပြီး နယ်ထောင်တွေဖြစ်တဲ့ ကလေး၊ သရက်၊ ပြည်၊ မြစ်ကြီးနား၊ ကသာ၊ မန္တလေး၊ မြင်းခြံ၊ ထားဝယ်၊ ဘားအံနဲ့ တောင်ငူထောင်တွေက နိုင်ငံရေးအကျဉ်းသား ၁၂ ဦး လွတ်မြောက်လာပါတယ်။
ပြန်လွတ်လာသူတွေထဲက ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအေးအောင် (ကလေးထောင်)၊ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထားရတဲ့ အန်အယ်လ်ဒီအမတ် ဒေါက်တာကျော်ကျော် (မြင်းခြံ)၊ ထောင်ဒဏ် တသက်တကျွန်း အပါအဝင် အနှစ် ၂၀ နဲ့ ချမှတ်ခံထားရတဲ့ ကိုသန့်ဇော် (သရက်)၊ ပြည့်ဖြိုးမောင်(ပြည်)၊ အောင်အောင်ဦး(ကသာ) တို့လည်း လွတ်မြောက်ခဲ့ပါတယ်။
ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုအေးအောင် လွတ်မြောက်လာမှုအပေါ် သူ့ရဲ့အဖေ ဦးသောင်းစိန်က ဝမ်းသာကြိုဆိုကြောင်း ပြောပါတယ်။ ပြန်လွတ်လာတဲ့ ကိုအေးအောင်ကတော့ ဒီလို လွတ်မြောက်မှုအပေါ် အခုလို ပြောပါတယ်။
“လွတ်မြောက်တယ်ဆိုတာကတော့ ကျနော်နားလည်တာက လုံခြုံမှုရှိမှ လွတ်မြောက်တယ်လို့ ထင်တာပဲ။ အားလုံးပြောကြတဲ့ တရားဥပဒေစိုးမိုးမှုပေါ့။ ဥပဒေစိုးမိုးမှု ရှိသလား။ ဥပဒေဟာ လုံခြုံမှုရှိအောင် ကာကွယ်ပေးသလား။ အဲဒါဆိုရင်တော့ တကယ်လွတ်မြောက်တာပါပဲ။ အခု ကျနော်ကြားရသလောက်တော့ လွတ်မြောက်တယ်ဆိုတာ ဘယ်လိုလဲ ကျနော် မသိသေးဘူး။”
ကိုအေးအောင်ဟာ ၁၉၉၈ နှစ်ကုန်ပိုင်းမှာ အဖမ်းခံရပြီး နိုင်ငံရေးပုဒ်မလို့ လူသိများတဲ့ ပုဒ်မ ၅ (ည) လိုပုဒ်မတွေနဲ့ ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရ သူဖြစ်ပါတယ်။
သန်လျင်ရေနံချက် စက်ရုံ ဗုံးကွဲမှု သံသယနဲ့ ထောင်ဒဏ်တသက်တကျွန်းနဲ့ အနှစ် ၂၀ ချမှတ်ခံထားရသူ တဦးဖြစ်တဲ့ ကိုသန်းဇော်လည်း ဒီနေ့ သရက်ထောင်ကနေ လွတ်မြောက်လာပါတယ်။ လွတ်မြောက်လာမှုအပေါ် သူက ခုလို ဆိုပါတယ်။
“အခု လွတ်မြောက်လာတဲ့အပေါ်မှာ ကျနော့်ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးလည်း မတင်ဘူး။ ဝမ်းလည်းမသာဘူး။ အစကတည်းက ဖမ်းစရာမလိုတဲ့ အမှုနဲ့ ချထားတာ။ ဒီလောက်နှစ်တွေအများကြီး ချထားတာ။ ဆယ်စုနှစ် ၂ စုကျော်။ ကျနော်ရဲ့ လူငယ်ဘဝလည်း ထောင်ထဲမှာပဲ ကုန်ဆုံးသွားတယ်။ ဒါကြောင့် ကျေးဇူးလည်း မတင်ဘူး။ ဝမ်းလည်းမသာဘူး။ အောင်လံရောက်တော့ အောင်လံအဖွဲ့ချူပ်လူငယ်၊ လူကြီးတွေက နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ ဒါကိုတော့ ဝမ်းသာရတယ်။”
မြင်းခြံထောင်ကနေ လွတ်လာတဲ့ ဒေါက်တာကျော်ကျော်ရဲ့ သမီး မမေမျိုးကျော်ကလည်း ဖခင်လွတ်လာတဲ့အပေါ် ဝမ်းသာပေမယ့် ကျန်နေတဲ့ သူအတွက် စိတ်မကောင်းဘူးလို့ ပြောပါတယ်။
“ဝမ်းသာပါတယ်။ ဒါပေမယ့် ကျန်နေသေးတဲ့ လူတွေအတွက် စိတ်မကောင်းဘူး။ မြင်းခြံမှာ ၂ ယောက်ပဲ လွတ်တယ်လို့ သိရတယ်။ ကောရိယိုပါ ကယားတိုင်းရင်းသား။ သူနဲ့ ဒေါက်တာ ကျော်ကျော်ပဲ လွတ်တယ်။ ကိုဇော်စိုင်းတို့ ဘာတို့ ၃ ယောက်လောက် ကျန်နေသေးတာပေါ့။”
ဒါ့အပြင် ၂၀၁ဝမှာ ဖမ်းဆီးထောင်ချခံရပြီး ကျောင်းသားတပ်မတော်၊ ကေအန်ယူဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတဲ့ ကိုဝီလျံကတော့ သူလွတ်လာပေမယ့် ထောင်တွင်းနိုင်ငံရေး အကျဉ်းသားတွေ ကျန်နေတာကို စိတ်မကောင်းဘူးလို့ ပြောပါတယ်။
“ကျနော်တို့ကို အကြမ်းဖက်မှုနဲ့စွဲတာ။ အဖွဲ့တွေနဲ့က နိုင်ငံရေးအရတော့ ဆက်နွယ်မှုရှိတယ်။ အကြမ်းဖက်မှုနဲ့က ဘာမှမဆိုင်ဘူး။ အထဲမှာ ကျနော်တို့ ညီအကိုတွေ အများကြီး ကျန်နေသေးတယ်။ သူတို့ကိုလည်း လွတ်စေချင်တယ်။”
နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်များ အဖွဲ့ရဲ့ ဇွန် ၆ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းအရ နိုင်ငံတဝန်းက အကျဉ်းထောင်တွေ အတွင်းမှာ အကျဉ်းသားအားလုံး ၃၃၂ ဦး ကျန်နေသေးတယ်လို့ ကိုဗမျိုးသိန်းက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းမှာတော့ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားပေါင်း ၃၃၀ ယောက် ကျန်ရှိနေသေးပြီး ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုသွားမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောဆိုပါတယ်။
သမ္မတဦးသိန်းစိန်ဟာ နိုင်ငံငြိမ်းချမ်းတည်ငြိမ်ပြီး အမျိုးသား စည်းလုံး ညီညွတ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဖို့နဲ့ နိုင်ငံတည်ဆောက်ရေးမှာ အထောက် အပံ့ဖြစ်စေဖို့ အကျဉ်းသား အယောက် ၈၀ ကို လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံခြားသား ၃၄ ယောက်လည်း ပါဝင်ပါတယ်။
