DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း၌ သွေးလွန်တုပ်ကွေးရောဂါ မြိတ်မြို့တွင် အများဆုံးဖြစ်ပွားနေ
DVB
·
June 7, 2018
တနင်္သာရီတိုင်း၌ သွေးလွန်တုပ်ကွေးရောဂါ မြိတ်မြို့တွင် အများဆုံးဖြစ်ပွားနေ
Donate to DVB

 

တနင်္သာရီတိုင်းအတွင်း အခုနှစ် မိုးရာသီမတိုင်မီ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုဟာ မြိတ်မြို့မှာ အများဆုံးဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ခြင်ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး မြိတ်မြို့မှာ ကလေး ၁၄၃ ဦး ဖြစ်ပွားကာ ၂ ဦး သေဆုံးပြီး၊ ပုလောမြို့တွင် ကလေး ၆၅ ဦး ဖြစ်ပွားကာ ၁ ဦး သေဆုံးကြောင်း တိုင်းကျန်းမာရေးမှူး ဒေါက်တာ ဇော်မင်းထွန်းက မေလ ၂၈ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံမှာ ပြုလုပ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ကုသရေး အသိပညာပေး ဆွေးနွေးပွဲမှာ ပြောပါတယ်။

“တတိုင်းလုံးအနေနဲ့ ၂၀၁၈ ခုနှစ်၊ မေလ ၂၇ ရက်နေ့ အထိ ရောဂါဖြစ်ပွားမှုက ၃၉၁ ဦး ဖြစ်ပွားပါတယ်၊ ၃ ဦးသေဆုံးမှု ရှိပါတယ်။ အများဆုံး ဖြစ်တာက မြိတ်ပါ၊ နောက် ဒုတိယအဖြစ် များတာက ပုလောမြို့နယ်ပါ။ အခု သွေးလွန်တုပ်ကွေးဖြစ်တဲ့ ရပ်ကွက်တွေကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်နေပါပြီ။ ပြည်သူတွေကိုလည်း ကျန်မာရေး အသိပညာပေး လုပ်ငန်းတွေ လုပ်နေပါတယ်” လို့ ဒေါက်တာ ဇော်မင်းထွန်း က ပြောပါတယ်။

အခုနှစ်မှာ အချိန်စောပြီး ရောဂါဖြစ်ပွားနေတာဖြစ်ပြီး ရာသီဥတု ပူပြင်းတဲ့အတွက် အချို့ ကလေးမိဘတွေဟာ နေအပူရှိန်ကြောင့် သာမာန်ဖျားနာတာလို့ ယူဆကာ ဆေးရုံ၊ ဆေးခန်းကို ရောက်ရှိလာမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း သိကြတယ်လို့ မြိတ်ကလေးဆေးရုံမှ ဒေါက်တာ သွယ်သွယ်မြင့်က ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း ထားဝယ်မြို့နယ်မှာ ၂၁ ဦး၊ လောင်းလုံမြို့နယ်မှာ ၃၅ ဦး၊ သရက်ချောင်းမြို့နယ်မှာ ၁၅ ဦး၊ ရေဖြူမြို့နယ်မှာ ၃၃ ဦး၊ မြိတ်မြို့နယ်မှာ ၁၄၃ ဦး၊ ပုလောမြို့နယ်မှာ ၆၅ ဦး၊ ကျွန်းစုမြို့နယ်မှာ ၃၈ ဦး၊ တနင်္သာရီမြို့နယ်မှာ ၁၇ ဦး၊ ကော့သောင်းမြို့နယ်မှာ ၁၇ ဦးနဲ့ ဘုတ်ပြင်းမြို့နယ်မှာ ၇ ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပါတယ်။

အခုနှစ် တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမှာ တနင်္သာရီတိုင်းဟာ တတိယအများဆုံး ဖြစ်ပြီး ၂၀၁၇ ခုနှစ်က တစ်တိုင်းလုံးအနေနဲ့ ၈၉၂ ဦး ဖြစ်ပွားခဲ့ပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013