DVB Logo
Home
မြန်မာသတင်း
ဒုဋ္ဌဝတီမြစ်ရေကြီးနိုင်သဖြင့် အန္တရာယ်အထူးသတိပေးချက်ထုတ်ပြန်
DVB
·
June 7, 2018
ဒုဋ္ဌဝတီမြစ်ရေကြီးနိုင်သဖြင့် အန္တရာယ်အထူးသတိပေးချက်ထုတ်ပြန်
1 / 8
Donate to DVB

အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေပါတယ်။

ရေကြီးမှုကြောင့် ဒုဋ္ဌဝတီမြစ်ဝှမ်းတလျှောက် အန္တရာယ်ဖြစ်နိုင်တဲ့ မြစ်ရေ မြင့်တက်နိုင်တာကြောင့် အထူးသတိပြုနိုင်ဖို့ သတိပေးချက်ထုတ်ပြန်ထားပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ အသင့်အနေအထား ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မန္တလေးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးထက်အောင်က “ရှာဖွေတပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ရေးပစ္စည်းတွေ တကိုယ်ရေ ကျောပိုးအိတ်တွေနဲ့ အသင့်အနေအထား ပြင်ဆင်ထားပါတယ်။ မြို့နယ်၊ ရပ်ကွက် စခန်းတိုင်းကို အင်တာနက်တွေ တယ်လီဖုန်းတွေ၊ စက်တွေ ချိတ်ဆက်ထားပါတယ်။ အချိန်မရွေး အချိန်နဲ့တပြေးညီ ထွက်နိုင်အောင် စခန်းတိုင်း အသင့်အနေအထားရှိပါတယ်။ ပြည်သူတွေအနေနဲ့ သတင်းစာ၊ ဂျာနယ်၊ တီဗွီ၊ ရေဒီယိုတွေက သတိပေးထုတ်ပြန်ချက်တွေကို နားစွင့်ပြီး လိုက်နာစေချင်တယ်” လို့ ပြောပါတယ်။

မြစ်ချောင်းဘေး ဒေသတွေနဲ့ မြေနိမ့်တဲ့ နမ့်လန်မြို့မှာ အထူးစိုးရိမ်ဖွယ် အခြေအနေရှိလို့ အထူးသတိထားဖို့ လိုအပ်ပြီး ကြိုတင်စီမံဆောင်ရွက်နိုင်ဖို့အတွက် မိုးရွာဒေသ မိုင် ၃၀ ဝန်းကျင်၊ သီပေါတောင်ဘက် တောင်တန်းဒေသ မဲပုတ်၊ ချောင်လင်၊ ရဲရွာဆည်အရှေ့မြောက်ဖျားဒေသ၊ ရဲရွာဆည်အလယ်ကို ဆင်းမယ့် တောင်တန်း၊ ရဲရွာဆည်သမာန်သာ အပန်းဖြေ ၇ မိုင်၊ ရွှေစာရံ၊ မြစ်ငယ်၊ အင်းဝ(ရလွန်းကျော်)ဒေသ နေထိုင်သူတွေ၊ ခရီးသွားနေသူတွေ သတိပြုနိုင်ဖို့ ဇွန် ၆ ရက် ည ၈ နာရီက သတင်းထုတ်ပြန်ထားပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရေကြီးရင် အဲဒီရေတွေက တောင်ကျရေအဖြစ် ဒုဋ္ဌဝတီမြစ်ကို စီးဆင်းလာတယ်။ ဒုဋ္ဌဝတီမြစ်မှာ ဆည်နှစ်ခု ခံထားပေမယ့် မထိန်းနိုင်တဲ့အခါ လွှတ်လိုက်လို့ ရုတ်တရက် စိုးရိမ်နိုင်ဖွယ် ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးလှေတွေ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေကိုလည်း အသင့်ပြင်ထားပါတယ်” လို့လည်း ဦးထက်အောင်က ဆက်ပြောပါတယ်။

ဒုဋ္ဌဝတီမြစ်ဝှမ်းတလျှောက်ရှိ ကျေးရွာများ၊ အပန်းဖြေစခန်းတွေကို ခရိုင်မီးသတ် ဦးစီးမှူးတွေ ဦးဆောင်ပြီး အထူးသတိပေးချက်ကို လိုက်လံနှိုးဆော်ပေးနေပါတယ်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ၂၀၁၈ ခုနှစ် ဇွန် ၆ ရက် ည ၁၀ နာရီခွဲက မြစ်ရေအခြေအနေ လေ့လာစောင့်ကြည့်ချက်အရ ဒုဋ္ဌဝတီမြစ်ရေဟာ ဒုဋ္ဌဝတီတံတားရဲ့ စိုးရိမ်ရေအမှတ်အောက် ၇ ပေလောက်မှာ ရှိနေပါတယ်။

သတင်း - သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013