DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်နှင့် ပေါင်မြို့နယ်က ရထားလမ်းကူးများ ဇွန်လအတွင်း ချဲ့ထွင်မည်
DVB
·
June 6, 2018
သထုံမြို့နယ်နှင့် ပေါင်မြို့နယ်က ရထားလမ်းကူးများ ဇွန်လအတွင်း ချဲ့ထွင်မည်
Donate to DVB

 

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ပေါင်မြို့နယ်တို့မှာရှိတဲ့ ရထားလမ်းကူးတွေမှာ ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ဇွန်လအတွင်း အဝေးပြေးကားလမ်းမကြီး အတိုင်း ချဲ့ထွင်သွားမယ်လို့ မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ရထားလမ်းကူးတွေမှာ မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားနေလို့ သေဆုံးသူတွေ ရှိနေပြီး လမ်းကျဉ်းမြောင်းနေတဲ့အတွက် ပြုပြင်တိုးချဲ့ပေးဖို့ ရှိ၊ မရှိ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မေလ ၅ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့မှာ မေးမြန်း တင်ပြခဲ့ပါတယ်။

ပေါင်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက “တလကို အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ် အဲဒီမှာ ယာဉ်တိုက်မှုတွေ ဖြစ်တယ်။ ပတ်ဝန်းကျင်ကလူတွေ ဘယ်အချိန်မှာ ၀ုန်းခနဲဆိုတဲ့ အသံကြားရမလဲဆိုတာ နားစွင့်နေရတယ်။ ဒီရထားလမ်းကူးမှာပဲ ယာဉ်တိုက်မှုနဲ့ သေဆုံးမှု တွေက အနည်းဆုံး မဖြစ်ဘူးဆိုရင် ၁ နှစ်ကို အကြိမ် ၂၀ ကနေ ၃၀ ကြား ပုံမှန်ဖြစ်နေတယ်။ လက်ရှိမှာ ကားလမ်းက ၃၆ ပေ အကျယ်ရှိနေပြီး ရထားလမ်းကူးမှာက ၁၅ ပေလောက်ပဲ ရှိတယ်။ နောက်ပြဿနာတခုက တံတောင်ဆစ်ချိုးပုံစံ ဖြစ်နေတယ်။ ရုတ်တရက် ထွက်လာတဲ့ အရှိန်ကို မထိန်းနိုင်တဲ့အခါ ရေတွင်းထဲကျပြီး သေဆုံးတဲ့အထိတောင် ဖြစ်ခဲ့တယ်။ ဒီရထားလမ်း ကို ကားလမ်းထက်ကျယ်တဲ့ လမ်းကူးလေး ချဲ့ထားပေးမယ်။ ယာဉ်သွားယာဉ်လာတွေအတွက် အချက်ပြမီးတွေ တပ်ဆင်ထားပေးမယ်။ Slow တုံးလေးတွေ တပ်ဆင်ထားပေးမယ်ဆိုရင် ယာဉ်သွားယာဉ်လာအတွက် အန္တရာယ်ကင်းစေနိုင်မယ်”လို့  ပြောပါတယ်။

ရထားလမ်းကူးကိစ္စကို ပြုပြင်ချဲ့ထွင်ပေးဖို့ အရင်နှစ်ကတည်းက တင်ပြထားပေမယ့်လည်း အဲဒီအချိန်က ရထားလမ်း ၉ ချောင်းဆက် သံလမ်းဂဟေဆက်တာ မပြီးပြတ်ခဲ့တဲ့အတွက် မဆောင်ရွက်နိုင်ခဲ့ဘဲ အခုနှစ်မှ ဘတ်ဂျက်တောင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“တို့ မွန်ပြည်နုယ်မှာ ကားလမ်းနဲ့ ရထားလမ်းကူးတွေ တော်တော်များများ ရှိပါတယ်။ သံဖြူဇရပ်မှာ ဆိုရင်လည်း မြို့ပေါ်မှာ တရားဝင်အားလုံး ၃ နေရာရှိပါတယ်။ ပေါင်မြို့နယ် ရင်းငြိမ် တောင် မြောက်မှာ ကားလမ်းနဲ့ တံတောင်ချိုးတွေ ဖြစ်နေတယ်။ ခရီးသည်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေက ဝင်လာတဲ့အခါကျရင် အက်စီးဒန့်(မတော်တဆ) ဖြစ်တာများတယ်။”

ပေါင်မြို့နယ်က ရင်းငြိမ်ကားလမ်းကူး ဂိတ်အမှတ် (၁၊ ၂) နဲ့ သထုံမြို့နယ်က အောင်းစိုင်ကားလမ်းကူး၊ ဂိတ်အမှတ် (၁၊ ၂) တို့ကို အဝေးပြေး ကားလမ်းမ အကျယ်အတိုင်း ပေ ၅၀ ချဲ့ထွင်ဖို့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (JICA) နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ပစ္စည်းတွေ ဇွန်လ ဒုတိယအပတ်အတွင်း ရရှိမှာဖြစ်ပြီး ဇွန်လ တတိယအပတ်မှာ လုပ်ငန်း စတင်ဆောက်ရွက်မယ်လို့ သိရပါတယ်။

မြန်မာ့မီးရထားက ရထားသံလမ်းကူးနေရာတွေကို တိုးချဲ့ပြီးပါက လမ်းဦးစီးဌာနနဲ့ B.O.T စနစ် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတို့က လမ်းတိုးချဲ့တဲ့ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013