
ရှမ်းပြည်နယ်မြို့တော် တောင်ကြီး နဲ့ မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ သိန္နီစတဲ့ မြို့နယ်တွေမှာ မိုးသည်းထန်ပြီး ရေကြီးတာတွေ ဖြစ်ပေါ်နေပါတယ်။
သီပေါမြို့နယ် နမ့်လန်ကျေးရွာမှာဆိုရင် ရပ်ကွက်တိုင်းနီးပါး ရေ၀င်ပြီး ကြုံဖူးသမျှ ရေကြီးမှုမှာ ဒီနှစ်က အဆိုးရွားဆုံးဘဲလို့ နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းယွန်းက ဒီဗွီဘီကို ပြောပါ တယ်။
“ကျနော်တို့ နမ့်လန်မှာ ရပ်ကွက်ပေါင်း ၁၁ ကွက်ရှိတာ အကုန်နီးပါး ရေ၀င်တယ်။ အနိမ့်ပိုင်း ရပ်ကွက်တွေဆို ရေက ခါးလည်ထိမြင့်တယ်။ သီပေါသွားလမ်းမကြီးပိတ်နေလို့ ကားတွေသွား လို့မရဘူး။ သူက တောင်ကျချောင်းရေတွေ စုပြီးလာတာဆိုတော့ ရေစီးလည်း တော်တော်သန်ပါတယ်။ ဒီတိုင်းဆို ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်။ ကျနော်က သီပေါကလာပြီး ရေကြီးတာနဲ့ အခုမှရေနည်းနည်းပြန်ကျသွားလို့ ရွာထဲဝင်လို့ရတာ။ ဒါကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းတွေ မသိရသေးဘူး။ အခုမှလိုက်ကောက်မလို့ခင်ဗျ၊ ကျနော်တို့ နမ့်လန်မှာ ဒီနှစ် ရေကြီးတာ ၃ ရက်နေ့ကတည်းက ကျလိုက်တက်လိုက်နဲ့၊ အခုက တတိယ အကြိမ်မြောက် ရေကြီးတာ၊ ခါတိုင်း နှစ်လည်းကြီးပါတယ်။ ဒီနှစ်လောက်တော့ မဆိုးဘူး။ ဒီနှစ်က အဆိုးရွားဆုံးဘဲ။”
လောလောဆယ်တော့ ရေတွေတဖြည်းဖြည်းပြန်ကျနေပြီး လားရှိုးလမ်းတံတား အင်ဂျင်နီယာ အဖွဲ့မှလည်း ပျက်စီးသွားတဲ့ လမ်းတံတားတွေ စစ်ဆေးပြုပြင်ဖို့ ရောက်လာပြီလို့ ဦးစိုင်းယွန်းက ပြောသွားပါတယ်။











