DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်အထက်တန်းကျောင်းတွင် ကျောင်းသားချင်းစကားများပြီး ဓားထိုးမှုဖြစ်
DVB
·
June 6, 2018
ညောင်လေးပင်အထက်တန်းကျောင်းတွင် ကျောင်းသားချင်းစကားများပြီး ဓားထိုးမှုဖြစ်
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ (၂) ရပ်ကွက် အ.ထ.က (၁) ကျောင်းမှာ ဇွန်လ ၆ ရက် မနက်က ကျောင်းသားအချင်းချင်းစကားများရာက ဓားထိုးမှုဖြစ်ပွားခဲ့ ပါတယ်။

ဇွန်လ ၅ ရက် ညနေ ကျောင်းဆင်းချိန်က စကားများရန်ဖြစ်ထားတဲ့ ကိစ္စတခုကို မကျေနပ်လို့ဆိုကာ မနက်ပိုင်းကျောင်းမတက်ခင်အချိန် ကျောင်းအိမ်သာသွားရာလမ်းမှာ နဝမတန်း ကျောင်းသားမောင်ဟိန်းထက်ဝင်းက အသင့်ပါလာတဲ့ အရိုးအသွား ၁၀ လက်မခန့် ဓားမြောင်နဲ့ နဝမတန်းကျောင်းသား မောင်နိုင်လင်းအောင်ကို ထိုးလိုက်တာပါ။

ညောင်လေးပင် အ.ထ.က ၁ မှ ကျောင်းဆရာတဦးက “အိမ်သာလမ်းမှာဖြစ်တာ ဆိုတော့ ကျောင်းနဲ့အိမ်သာနဲ့က ဝေးတယ်။ ကျနော်တို့ ဆရာဆရာမတွေက အလုပ်လုပ်နေပြီ။ တာဝန်တွေ ခွဲဝေလုပ်နေတဲ့အချိန်မှာ ဆရာအိမ်သာ သွားတဲ့လမ်းမှာ တယောက်နဲ့တယောက် ဓားထိုးလို့ဆိုလို့ ကျနော်တို့လည်း ပြေးသွားကြည့်တာပေါ့။ ဟိုရောက်တော့ ဓားထိုးခံရတဲ့ ကလေးကို တယောက်ကပွေ့ထားပြီး ချက်ချင်းပဲ ကျောင်းရှေ့မှာရှိတဲ့ကားနဲ့ မြို့နယ်ဆေးရုံကြီးကို ပို့ထားတာပါ။ ခုတော့ အခြေအနေ မသိရသေးဘူး”လို့ ပြောပါတယ်။

ဓားထိုးမှုကြောင့် မောင်နိုင်လင်းအောင်မှာ ဝဲဘက်ရင်ညွှန့်အောက် ထိုးသွင်းဒဏ်ရာ ၁ ချက် ယာဘက်ပေါင်ထိုးသွင်းဒဏ်ရာ ၁ချက်ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ညောင်လေးပင် ဆေးရုံမှတဆင့် အရေးပေါ် ပို့ဆောင်ခဲ့ပါတယ်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက “ကလေးက နည်းနည်းတော့ စိုးရိမ်ရ တယ်။ ဒဏ်ရာက နှစ်ချက်တစ်ချက်က အဆုပ်ပေါက်သွားတယ်။ အဆုပ်ပေါက်သွားတော့ အဆုပ်ထဲမှာ သွေးတွေယိုနေတဲ့အတွက်ကြောင့် ပိုက်နဲ့ စုပ်ထုတ်ထားရတယ်။ အခုတော့ ရန်ကုန်ဆေးရုံကြီးကို လွဲလိုက်ပါပြီ”လို့ ဒီဗွီဘီ ကိုပြောပါတယ်။

ဓားထိုးမှုနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းက ဓားဖြစ်ထိုးသူ ဟိန်းထက်ဝင်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၂၆ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013