DVB Logo
Home
Lead Story
မိုးကို မျှော်နေပါပြီ
DVB
·
June 6, 2018
မိုးကို မျှော်နေပါပြီ
Donate to DVB

အင်းစိန်ထောင်၊ အဆောင် (၃)၊ အပေါ်ထပ်၊ အခန်း (၂)  မှာ ဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်ဝန်းကျင်။ အချိန်က ညနေ ၄ နာရီ၊ အဆောင်ပိတ်ချိန်။

“မင်းတို့က နံရံကို ခေါင်းနဲ့ တိုက်တဲ့ကောင်တွေ မှတ်လောက်အောင် ပုံစံပေးရမယ်၊ အားလုံးပုံစံ”

ကျားဟိန်းသလို ဟိန်းလာတဲ့ တန်းစီးအောင်မြင့်ရဲ့ အသံနဲ့အတူ ကျနော်တို့ ကျောင်းသား ၄ ယောက် နာဂထွန်းကြည် (ဥပဒေကျောင်းသား)၊ ဌေးဝင်း (ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား) တင်မောင်ကြည် ခေါ် ကဗျာဆရာ မောင်မောင်စနေ (ဓာတုဗေဒကျောင်းသား) နဲ့ ကျနော်တို့တွေ တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ဖက်ကို ဒူးပေါ် ဆန့်ဆန့်တင်၊ ရင်ကိုကော့၊ ရှေ့ကို တည့်တည့်ကြည့်၊ လက်သီးကျစ်ကျစ် ဆုပ်ထားမိပါတယ်။

ထောင်ထောင်မောင်းမောင်း ရွှေသွားတဝင်းဝင်းနဲ့ တန်းစီးအောင်မြင့်ဟာ သူ့လက်ထဲက ငါးမူးလုံးလောက်ရှိတဲ့ ကြိမ်လုံးနဲ့ ဟန်ပါပါ တချက်ဝင့်ကာ အချက်ပေးလိုက်ပါတယ်။

မုဒိမ်းသမားတွေ၊ တပ်ပြေးတွေ၊ ဓားပြတွေ၊ ခိုးဆိုးနှိုက်တွေ စုစုပေါင်း  ဆယ်ယောက်လောက်ဟာ ကျနော်တို့ရဲ့ ရင်ဘတ်တွေကို ရှေ့တည့်တည့်က ပြေးကန်သူ ကန်၊ နောက်ကျောဘက်က ဖိနောင့်နဲ့ပေါက်သူပေါက်၊ ခေါင်းကို ကြိမ်တုတ်နဲ့ ရိုက်သူရိုက် ဝိုန်းဒိုင်းကြဲသွားပါတော့တယ်။

နံရံကို ခေါင်းနဲ့တိုက်ချင်တဲ့ကောင်တွေ ကြောက်ပြီလား၊ မှတ်ပြီလား ဆိုတဲ့ ကြိမ်းဝါးသံတွေ တဆောင်လုံး ဆူညံသွားပါတယ်။

ကျနော့်စိတ်ထဲမှာတော့ ငါတို့ နံရံကို ခေါင်းနဲ့တိုက်ရမယ်၊ ငါတို့ နံရံကို ခေါင်းနဲ့တိုက်ရမယ်။ ငါတို့အားလုံး တညီတညွတ်တည်း နံရံကို ခေါင်းနဲ့တိုက်ရမယ်။ ဒါမှ ဒီတံတိုင်းနက်ကြီးတွေ ပြိုကျမှာ ဆိုတဲ့စိတ်က ပို ပို ခိုင်မာလာပါတယ်။

ဟုတ်ပါတယ်။ ကျနော်တို့ နံရံကို ခေါင်းနဲ့ တိုက်ရမှာပါ။ သူတို့ထင်သလို ခေါင်းနဲ့ နံရံကို ပြေးဆောင့်သလို အချည်းနှီးလုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ခေါင်းသုံးပြီး နံရံတွေကို ဖြိုရမှာပါ။ တနည်းအားဖြင့် ဦးနှောက်သုံးပြီး နံရံအိုကြီးတွေကို ဖြိုရမှာပါ။

ကျနော်ဖတ်ဖူးတဲ့ ဂျင်ဂျစ်ခန် ပုံပြင်ကလေးကို ပြန်သတိရပါတယ်။

တရုတ် မဟာတံတိုင်းကြီးကို သူ ဖြိုတုန်းကပေါ့။ ဒီတံတိုင်းကြီးကို ဖြိုဖို့ သူ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတယ်။ သူ့ရွာမှာ စစ်ရှုံးသူတယောက်အဖြစ် အထီးကျန်ဖြစ်ကာ နေ့စဉ်နဲ့အမျှ အရက်ဆိုင်မှာ အချိန်ကုန်နေခဲ့ရပါတယ်။ တနေ့ အရက်ဆိုင်က မီးဖိုလုပ်ထားတဲ့ ကျောက်တုံးတွေပေါ်ကို ရေအေးတွေ ဖိတ်ကျပါတယ်။ ကျောက်တုံးတွေဟာ မီးအပူရှိန်ကြောင့် နီရဲအောင် ပူနေပါတယ်။ အေးစက်နေတဲ့ရေဟာ မီးအပူပြင်းပြင်းနဲ့ ထိထားတဲ့ ကျောက်တုံးနဲ့ ရုတ်တရက် ထိမိတဲ့အခါ ကျောက်တုံးဟာ ဖျတ်ခနဲ ကွဲသွားပါတော့တယ်။ ဒါကို သတိထားမိတဲ့ ဂျင်ဂျစ်ခန်ဟာ တရုတ်မဟာတံတိုင်းကြီးကို ဖြိုဖို့ အကြံရသွားပါတော့တယ်။ နောက်တကြိမ် စစ်တိုက်တဲ့အခါ မိုးရွာခါနီးအချိန်ကို စောင့်ပြီး တရုတ်မဟာတံတိုင်းကြီးကို မီးရှို့လိုက်ပါတယ်။ မီးရှိန်ရလာတာနဲ့ တချိန်တည်းလိုလို မိုးက ရွာချလိုက်တော့ မဟာတံတိုင်းကြီး ပြိုကွဲသွားပြီး တရုတ်ပြည်ကြီးကို အနိုင်ရလိုက်ပါတယ်။

အဲဒီပုံပြင်နဲ့ ထောင်ထဲက အတွေ့အကြုံတွေဟာ အခက်အခဲတွေ့တိုင်း ပြန်လည် မြင်ယောင်လာတတ်ပါတယ်။ အထူးသဖြင့် မဖြစ်နိုင်တော့ပါဘူး၊ လက်လျှော့လိုက်စမ်းပါ၊ နံရံကို ခေါင်းနဲ့ မတိုက်ချင်စမ်းပါနဲ့လို့ အပြောခံရချိန်မှာ ပိုပို မြင်ယောင်လာတတ်ပါတယ်။

လက်ရှိအခြေအနေမှာ လာဘ်စားမှုကို တိုက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ လက်လျှော့လိုက်စမ်းပါ။ ဒါဟာ အမြစ်တွယ်နေပြီ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ တခုလိုတောင် ဖြစ်နေပြီ။ မိုးခါးရေ သောက်လိုက်ပါ ဆိုတဲ့ စကားသံတွေဟာ ကျနော်တို့ကို စိန်ခေါ်နေသလို ဖြစ်နေပါတယ်။

မင်းတို့လုပ်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ မင်းတို့လက်ထဲမှာ သေနတ်ရှိလား၊ မင်းတို့လက်ထဲမှာ ငွေရှိလား၊ မင်းတို့လက်ထဲမှာ အာဏာရှိလား၊ မင်းတို့ကို သစ္စာခံမယ့် ပါးကွက် အာဏာသားတွေ ရှိလား၊ ယန္တရားတွေ ရှိလားလို့ ပြောဆိုသံတွေဟာ ခုတလော ပိုမိုကျယ်လောင်လာပါတယ်။

အခုချိန်မှာ ကျနော်တို့ကို ကာရံပိတ်ဆို့ထားတဲ့ လာဘ်ပေးလာဘ်ယူမှု တံတိုင်းကြီးတွေ၊ အာဏာရှင် သစ္စာခံ အရာရှိဆိုး တံတိုင်းကြီးတွေ၊ မတရားတဲ့ ဥပဒေ တံတိုင်းကြီးတွေ၊ ကျား၊ မ ခွဲခြားမှု တံတိုင်းကြီးတွေ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု တံတိုင်းကြီးတွေ၊ အဲဒီတံတိုင်းကြီးတွေ၊ အဲဒီနံရံအိုကြီးကြီးတွေကို ခေါင်းနဲ့ တိုက်ရပါဦးမယ်။ ခေါင်းသုံးပြီး တိုက်ရပါဦးမယ်။ တနည်းအားဖြင့် ဉာဏ်ပညာသုံးပြီး အဲဒီတံတိုင်းကြီးတွေကို ဖြိုချရပါဦးမယ်။ ကျနော်တို့ မိုးကို မျှော်နေပါပြီ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013