DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာမြို့နယ် ကျေးရွာအုပ်စုက လယ်သမားတွေ အိုးအိမ်ဌာနကို ဆန္ဒပြ
DVB
·
July 2, 2012
လှိုင်သာယာမြို့နယ် ကျေးရွာအုပ်စုက လယ်သမားတွေ အိုးအိမ်ဌာနကို ဆန္ဒပြ
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက လယ်သမားတွေဟာ အသိမ်းခံရတဲ့  လယ်မြေတွေမှာ ပြန်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုထားတဲ့ကိစ္စ အိုးအိမ်ဌာနက ဖြေရှင်းမပေးတဲ့အပြင် လယ်မြေလုပ်ကိုင်ခွင့် မရတော့တဲ့အတွက် လယ်သမား ၂၀ လောက်က အိုးအိမ်ဌာနရှေ့မှာ ဒီနေ့ သွားရောက် ဆန္ဒပြ တောင်းဆိုကြပါတယ်။

လှိုင်သာယာမြို့နယ်ထဲက အတွင်းပဒံ၊ အပြင်ပဒံနဲ့ ကျွန်းလုပ်ကြီးကျေးရွာ အုပ်စုတွေက လယ်သမား ၂၀ လောက်ဟာ ရန်ကုန်မြို့  ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိတဲ့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို ဒီမနက်ပိုင်းက သွားရောက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းက လယ်သမားတွေက သူတို့ဆီကနေ  စက်မှုဇုန် အတွက် သိမ်းထားတဲ့ လယ်မြေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ၀ါဝါ၀င်းကုမ္ပဏီဆီကနေ အိုးအိမ်ဌာနက ပြန်လွှဲပြောင်းယူဖို့၊ အဲဒီနောက် ဒီမြေတွေကို မူလလက်ငုတ် မြေပိုင်ရှင် လယ်သမားတွေဆီကို ပြန်ပေးအပ်ဖို့နဲ့ ဒီမြေတွေမှာ ကုမ္ပဏီထောင် လုပ်ကိုင်ခွင့်ရဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

လယ်သမားတွေ တောင်းဆိုပြီးနောက်ပိုင်း ၀ါဝါ၀င်းကုမ္ပဏီက လယ်မြေတွေကို ခြံစည်းရိုးခတ်တာတွေ၊ အုတ်တံတိုင်းကာတာတွေ လုပ်လာတဲ့အတွက် လယ်သမားတွေဟာ လယ်မြေလုပ်ကိုင်လို့ လုံးဝမရတော့တာကြောင့် ဆန္ဒပြတာလို့ လယ်သမားအရေးကူညီ ဆောင်ရွက်ပေးတဲ့ ဦးဝင်းချိုက ပြောပါတယ်။

“ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့အပါအ၀င် အိုးအိမ်ဦးစီးဌာနရှေ့မှာ ၄ ရက် ကျနော်တို့ ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီအခါ ကုမ္ပဏီတွေကတဆင့် ပြန်ဝယ်ထားတဲ့ မြေကွက် အရောင်းအ၀ယ် လုပ်တဲ့သူတွေဟာ သူတို့မြေကို ပြန်သိမ်းယူမှာစိုးတဲ့အတွက် သူတို့ဝယ်ယူထားတဲ့ မြေတွေကို အုတ်တံတိုင်းတွေ အတင်းခတ်ကြပါတယ်။ အခု ဒီရက်ပိုင်းအတွင်းမှာကိုပဲ ခြံစည်းရိုးကာ၊ အုတ်တံတိုင်းခတ်တယ်။ မနှစ်က လယ်သမားတွေဟာ ရရာနေရာလေးမှာ ကြုံသလိုပဲ လယ်ထွန်ပြီး စပါးစိုက်ပြီး စားနေကြပေမယ့် အခု ဒီနှစ်အတွက် လယ်ထွန်ပြီး ပျိုးကြဲပြီး မျိုးစပါးတွေ ရှိနေတဲ့ လယ်ကွက်တွေကို ပိတ်ပြီးတော့ ခြံစည်းရိုးခတ်လိုက်တဲ့အခါမှာ သူတို့ အရမ်းနစ်နာသွားပါတယ်။ သူတို့ကို တစုံတရာ နစ်နာကြေးလည်း အခုထိ မပေးသေးပါဘူး။

ဒီအတွက် ကျနော်တို့ တောင်းဆိုတဲ့အချက်က နံပါတ် ၁ လယ်သမားတွေကို လယ်လုပ်ခွင့်ပေးပါ။ နောက် တချက်က ၂၂ နှစ်လုံးလုံး သူတို့လယ်တွေကို သိမ်းထားပေမယ့် နစ်နာကြေး မပေးတဲ့အတွက် လယ်သမားတွေကို မြေပြန်ပေးပါ။ ဒါမှမဟုတ် နစ်နာကြေးတစုံတရာ ပြန်ပေးပါလို့ တောင်းဆိုထားပါတယ်။”

ဆန္ဒပြတဲ့ လယ်သမားတဦးဖြစ်တဲ့ ဒေါ်ချိုမာကတော့ သူ့လယ်မြေ သိမ်းထားခံရ မှန်းမသိဘဲ သူလုပ်ကိုင်နေရာကနေ အခုခြံစည်းရိုးခတ်တဲ့အတွက် လယ်လုပ်ကိုင်လို့ မရဘဲ ကြုံတွေ့ရတဲ့ အခက်အခဲကို အခုလို ရှင်းပြပါတယ်။

“ဘယ်တုန်းက သိမ်းထားတယ်ဆိုပြီး ဘယ်ဌာန ဘယ်သက်ဆိုင်ရာကမှ ကျမတို့ကို မပြောပါဘူး။ ခုထိ လုပ်စားနေတုန်း အခုကျမှ ၀ါဝါ၀င်း ကုမ္ပဏီက ပိုင်ပါတယ်ဆိုပြီး ခြံစည်းရိုးတွေ လာခတ်တယ်။ အုတ်နံရံတွေ လာခတ်တယ်။ အဲဒီအခါကျမှ ဒီလယ်မြေတွေကို သိမ်းထားမှန်း သိရတယ်။ ကျမတို့ ဒီမှာ ဆန္ဒပြတယ်။ အစာရေစာအငတ်ခံပြီး လယ်တွေ မတရားအသိမ်းမခံရရေးအတွက် ဆန္ဒပြနေပါတယ်။ ကျမမှာ လယ် ၄ ဧက ပိုင်ပါတယ်။ မိသားစု ၈ ယောက် ရှိပါတယ်။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကျောင်းသားတွေလည်း ရှိတယ်။ အဲဒီအတွက်လည်း ကျမတို့ ဘာအခွင့်အရေးမှ မရပါဘူး။ ကျမတို့ဘ၀တွေ ရှေ့ဆက်ပြီး ဘာတွေ လုပ်ကိုင်စားသောက်ရမယ်ဆိုတာ မသိပါဘူး။ ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး။”

လယ်သမားတွေ အနေနဲ့ သူတို့တောင်းဆိုချက် မရမချင်း အိုးအိမ်ဦးစီးဌာန ရှေ့မှာပဲဆက်ပြီး ဆန္ဒပြသွားတယ်လို့ ပြောပါတယ်။

လယ်သမားတွေရဲ့ လယ်မြေဧကပေါင်း ၂ ထောင်လောက်ကို အိုးအိမ်ဦးစီးဌာနက စက်မှုဇုန် တည်ဆောက်ဖို့ဆိုပြီး ၁၉၉၈ ခုနှစ်လောက်က နစ်နာကြေး တစုံတရာ မပေးဘဲ သိမ်းယူခဲ့ပါတယ်။

လယ်သမားတွေဟာ အသိမ်းယူခံရတဲ့ မိမိလယ်မြေထဲမှာပဲ သီးစားလုပ်ရတဲ့ အတွက် လုပ်ငန်းအဆင်မပြေသလို ကြုံရာကျပန်း လုပ်ကိုင်စားသောက်ရတဲ့ အတွက်လည်း စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေရပါတယ်။

၁၅ နှစ်လောက် သိမ်းယူထားတဲ့ သူတို့လယ်မြေပေါ်မှာ စက်မှုဇုန် ကောင်းကောင်း မွန်မွန် မဖြစ်လာတဲ့အတွက် လယ်သမားတွေဟာ ဒီလယ်မြေတွေ ပြန်လည် ပိုင်ဆိုင်ခွင့်ရဖို့နဲ့ လုပ်ကိုင်ခွင့်ရဖို့ အိုးအိမ်ဌာနကို ၄ ကြိမ်လောက် သွားရောက် တောင်းဆိုခဲ့ပါတယ်။ သူတို့တောင်းဆိုချက်ကို အိုးအိမ်ဌာနက ဆောင်ရွက် မပေးဘဲ မြေ၀ယ်ထားတဲ့ ကုမ္ပဏီက လယ်မြေကို ခြံစည်းရိုးခတ်တဲ့အတွက် လယ်သမားတွေ ပိုပြီးအခက်အခဲဖြစ် လာရတာပါ။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/farmer/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013